ယုဝေ
မဏ္ဍိုင်လေးရပ်ကြား ကျင့်ဝတ်နှင့် အပြန်အလှန်လေးစားမှုကို အခြေခံသည့် နည်းလမ်းများကို မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲမှ ဖော်ထုတ်နိုင်ရန် မျှော်လင့်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အောက်တိုဘာ ၃ ရက်က မဇ္ဈိမကို ပြောသည်။
“အဓိကကတော့ မဏ္ဍိုင်လေးခုမှာ သတင်းရယူရာမှ တွေ့ကြုံရတဲ့အခက်အခဲတို့ ဒီဘက်က မဏ္ဍိုင် သုံးခုအနေနဲ့ဆိုလည်း မီဒီယာသမားတွေကြောင့် ဖြစ်ပေါ်တဲ့အခက်ခဲ ၊ သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲတွေကို ဆွေးနွေးပြီးတော့မှ အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကူညီနိုင်ဖို့နည်း လမ်းတွေကို စဉ်းစားကြမှာပေါ့ဗျာ”ဟု ပြောသည်။
တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် နှင့် မီဒီယာမဏ္ဍိုင်တို့ ပါဝင်သည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲကို အောက်တိုဘာ ၄ ရက် နှင့် ၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးအနေဖြင့် အထက်ပါအတိုင်း မျှော်လင့်ထားသည်ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးဆောင်သည့် စာနယ်ဇင်းသမား ၄၀ ကျော် တက်ရောက်ရန် စာရင်းရရှိထားကြောင်း ဦးရဲထွဋ်က ပြောသည်။
မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲသို့ ၀န်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက ကိုယ်စားလှယ် တစ်ဦးစီ နှင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ် ရှစ်ဦးခန့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှကိုယ် စားလှယ် ခြောက်ဦးခန့် တက်ရောက်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ယင်းတွေ့ဆုံပွဲတွင် မဏ္ဍိုင်သုံးရပ်နှင့် သတင်းမီဒီယာများအကြား ယုံကြည်မှုတည်ဆောင်ရေး၊ မဏ္ဍိုင်သုံးရပ်ကြားတွင် သတင်းမီဒီယာများ သတင်း လွတ်လပ်စွာရယူခွင့်နှင့် ပတ်သက်သည့် အချက်နှစ်ချက်ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။
“မဏ္ဍိုင်သုံးရပ်နဲ့ သတင်းမီဒီယာ အကြားမှာ နားလည်မှုလွဲနေတာတွေ ရှိနေတယ်။ အဲ့ဒါကို ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲဆိုတာ ဆွေးနွေးရမယ်။ အပြန်အလှန် မေးခွန်းမေးတာနဲ့ ပြောဆိုဆွေးနွေးတာတွေလည်း ပါမှာပါ” ဟု ၎င်းက ပြောသည်။
အောက်တိုဘာလ ပထမပတ်တွင် ကျင်းပမည့် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ အကြိုဆွေးနွေးပွဲအဖြစ် စက်တင်ဘာ ၁၃ ရက်က နေပြည်တော်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တာဝန်ရှိသူများက နေပြည်တော်တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
No comments:
Post a Comment