နန်းမြင့်
မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၁၀၀ (ကျပ်ဘီလီယံ ၁၀၀ ခန့်) ကို သုံး ပြီး ကျောင်းထွက်နှုန်းများသည့် မြို့နယ်များကို ယခုပညာသင်နှစ်မှစ၍ ဦးစားပေး ဆောင်ရွက်နေကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက မဇ္ဈိမကို ပြောသည်။
“ဒီပညာသင်နှစ်ကစပြီး ပထမအဆင့် အနေနဲ့ ခြောက်နှစ်လုပ်သွားပါမယ်။ ပထမတစ်ခုက ပညာရေးဝန် ကြီးဌာန အောက်မှာရှိတဲ့ ကျောင်းတွေကိုပေးတာ။ နောက်တစ်ခုက ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို ရည်ရွယ်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ပထမခြောက်နှစ် စီမံကိန်းအရကျေးလက်မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ၈ ဒသမ ၂ သန်း အတွက် မြို့နယ် ၄၀ တွင် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါစီမံကိန်းအရ ဆင်ရဲနွမ်းပါး ကျောင်းသားများအတွက် ပညာသင်နှင့် ကျောင်းထောက်ပံ့ကြေးများကို ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျအစိုးရက ခြောက်နှစ်စီမံကိန်းအဖြစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်
မြန်မာနိုင်ငံ စာသင်ကျောင်းများသို့ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ထားသည့် ထောက်ပံ့ငွေများပေးအပ်ခြင်း စီမံ ကိန်းကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း (International Development Association) က ချေးငွေဒေါ်လာသန်း ၈၀ အပြင် သြစတြေးလျအစိုးရကလည်း အလှူရှင်များ၏ ယုံကြည် မှု စုပေါင်းရန်ပုံငွေမှတစ်ဆင့် ထောက်ပံ့ငွေဒေါ်လာသန်း ၂၀ ပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန် ထား သည်။
အဆိုပါစီမံကိန်းအရ ကျေးလက်ဒေသမှ စာသင်ကျောင်းများအတွက် ထောက်ပံ့ငွေများ ပိုမိုရရှိလာမည်ဖြစ် ပြီး အလားတူ နွမ်းပါးကျောင်းသား တစ်သိန်းခန့်ကိုလည်း ကျောင်းဆက်တက်နိုင်စေရန် ငွေကြေးအကူ အညီများ ရရှိမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။
ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ် ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူ က “စီမံကိန်းတွေ အကုန်လုံးက အောက်ခြေ မရောက်တာများတယ်။ နယ်က ကျောင်းသားက သွားလာရခက်ခဲတယ်။ စာအုပ်စာတမ်း လုံးဝ မပြည့်စုံဘူး။ နယ်က ကျောင်းသားတွေကို ဦးစားပေး လုပ်စေချင်တယ်။ ဌာနဆိုင်ရာတွေကိုအပ်တယ် ဆိုရင် လုပ်ထုံးလုပ်နည်း အရမ်းဆန်တယ်။ ငွေပေးတာထက်စာရင် သင်ကြားရေးကို အထောက် အကူပြု တဲ့ ပစ္စည်းတွေ ၀ယ်ပေးတာက အရမ်းကို ထိရောက်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံ အမတ် Bronte Moules က “ကျောင်း ထောက်ပံ့ကြေးစီမံချက်နဲ့ နွမ်း ပါးကလေးတွေအတွက် ဦးတည်ထားတဲ့ ပညာသင်ထောက်ပံ့ကြေး စီမံချက်တွေကြောင့် ကျောင်းဆက် တက်နိုင်တဲ့ ကလေးတွေ အရည်အတွက် ပိုများလာပါလိမ့်မယ်”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထား သည်။
နွမ်းပါးသည့် မိသားစုများမှ ၁၀ နှစ်ခန့် အရွယ် ကလေးငယ်စုစုပေါင်း၏ ၂၀ ရာခိုင် နှုန်းဝန်းကျင်သည် ကျောင်းပညာရေး ဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ဟု ထုတ်ပြန်ချက်က ဆိုသည်။။
ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး Mr.Ulrich Zachau က “ကလေးတွေကို ကောင်းမွန် တဲ့ ပညာရေးပေးနိုင်ဖို့က မြန်မာနိုင်ငံအတွက် အရေးကြီးတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ အခုစီမံကိန်း က တစ်နိုင်ငံလုံးမှာ ပညာရေးတိုးတက်လာဖို့ အထောက်အကူပေးမှာပါ။ ကမ္ဘာ့ဘဏ် အနေနဲ့လည်း ဒီစီမံကိန်းတွေကို ကူညီဖို့ ခိုင်မာတဲ့ ဆန္ဒရှိနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment