Thursday, October 23, 2014

ကိုပါကြီးပျောက်ဆုံးမှု မဖြေရှင်းပေးလျှင် တပ်မတော်ကို တရားစွဲမည်

မင်းဟိန်းထက်

တစ်လနီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို တပ်မတော် ခြေလျှင်တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်ဆိုသူက ဖမ်းဆီး ထားခြင်းဖြစ်ပြီး မဖြေရှင်းပေးပါက တရားစွဲမည်ဟု ကာယကံရှင်၏ ဇနီး မသန္တာက မီဒီယာတို့ကိုပြောသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုဇွန်တောင် ဘူတာအနီးရှိ ရွှေတောင်ကျောင်းတိုက်၌ အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်း စာရှင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ်တွင် အလွတ်သတင်းထောက် ကိုပါကြီးကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိသည် ဟူသော စွပ်စွဲချက်ဖြင့် မွန်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးနှင့် တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်က ဖမ်းဆီးသွားသော်လည်း မည်သည့် နေရာဉ် ထားရှိသည်ကို ယနေ့တိုင် မသိရသေးဟု မသန္တာက ပြောသည်။

“ခုတောင်းဆိုနေတာ ကျွန်မယောက်ျား လွတ်မြောက်ရေးအတွက် မဟုတ်တော့ပါဘူး။ နှိပ်စက်ခံထားရတယ် ကြားထားတဲ့အတွက် အသက်ရှိမရှိ သိချင်လို့လုပ်နေတာပါ ”ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၁၉ ရက်က လူပျောက်မှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာ အဆိုပါရဲစခန်းမှ တပ်ကြပ်တစ်ဦးက ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြည့် ရနေသည့် ကိုပါကြီးကို တွေ့ခဲ့သည်ဟု ပြောဆိုဖူးကြောင်း မသန္တာက ဆိုသည်။

ယင်းကြောင့် မွန်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးနှင့် ဗိုလ်ကြီး စန်းမင်းအောင် တို့ကို ဆက်သွယ်ရာတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ မေးရန် ပြောခဲ့သဖြင့် နှစ်ကြိမ်တိုင် သွားရောက် စုံစမ်းသော်လည်း အကြောင်းမထူးခဲ့ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စကို နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ အရေးယူ ဆောင်ရွက်ပေးရန် စာပေးပို့ထားပြီး ဖြစ်သည်ဟုလည်း မသန္တာက ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ယက်၏ အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က “ကိုပါကြီးက အလွတ်သတင်းထောက် တစ်ယောက်မဟုတ်ရင်တောင် ရိုက်နှက်စစ်ဆေးတယ်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခံရတာပဲ” ဟု ဆိုသည်။

အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် အောင်ကြီး အမည်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများသို့ နယ်စပ်ဒေသ ဓာတ်ပုံနှင့်ဘသတင်းဆောင်းပါး အကြောင်းအရာများရေးသား ပေးပို့နေသည်ဟု မိသားစုဝင်များက ဆိုသည်။

“ဥပဒေရှိရက်နဲ့ ဥပဒေမဲ့ မတရားလုပ်တာပါ။ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတဲ့ အပြင် မီဒီယာလွတ်လပ်ခွင့် ပေးတယ်ဆိုပြီး ဖိနှိပ်နေတာပဲ ”ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်ရေး အမျိုးသမီးကွန်ရက်မှ ဒေါ်နော်အုန်းလှ က ပြောသည်။

ကိုပါကြီးသည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ်တွင် ပေါ်ထွန်းခဲ့သည့် သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးထားခြင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် မွန်အမျိုးသားပါတီကလည်း အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုသည်။

No comments: