ဟိန်းကိုစိုး
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်တော့မည်မဟုတ်ဟု အမျိုးသားလွှတ်တော် အမှတ် ၁၂ အမတ်လည်းဖြစ်၊ သတ္တု နှင့် သယံဇာတရေးရာ ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးလှဆွေက အောက်တိုဘာ ၁၆ ရက်က မဇ္ဈိမကို ပြောသည်။
အနာဂတ် ဘ၀ရပ်တည်မှုကို မဇ္ဈိမက ဆက်လက်မေးမြန်းရာတွင် "ကျွန်တော့်မှာ ဘာစီးပွားရေးမှမရှိဘူးဗျ၊၊ အဲဒါကြောင့် စီးပွားရေးလုပ်မလားလို့ အခုစီးနေတဲ့ကားကလည်း ဌာနဆိုင်ရာ ကားပါ၊ ပိုင်တာဆိုလို့ အိမ်တစ်လုံးပဲ ရှိပါတယ်ဗျာ" ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် မကွေးမြို့တွင် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အစပျိုးထားသည့် ခြံစိုက် လုပ်ငန်းကို အမှီပြုနေထိုင်ရန် စိတ်ကူးထားသည်ဟု ဦးလှဆွေက ပြောသည်။
"မျောက်ငိုပင် အပင် ၃၀လောက် စိုက်ထားတယ်။ အခုနှစ်နှစ်သားရှိနေပြီ ငါးနှစ်ဆိုရင် အသီးသီးတယ်လေ။ သုံးနှစ်လောက်တော့ စောင့်ရဦးမယ်။ အသီးကို စာချုပ်ချုပ်ရောင်းရင် သိန်း ၄၅၀၀လောက်တော့ရမယ်။ အဲဒီ့ အချိန်မှပဲ ကိုယ်ပိုင်ကားကို လက်တင်စီးတော့မယ်ဗျာ"ဟု ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်မပြိုင်ဟူသောဆုံးဖြတ်ချက်ကို မိခင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသို့လည်း အကြောင်းကြားပြီးဖြစ်သည်ဟု ဦးလှဆွေက ပြောသည်။
သို့သော် ပါတီ၏ သဘောထားကိုမူ ယနေ့တိုင် မသိရသေးဟု ၎င်းကဆိုသည်။
ဦးလှဆွေသည် ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် ၁၉၉၆ခုနှစ်အထိ မကွေးခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့် စစ်ဖက်ဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကာလတွင် တပ်မတော် အရာရှိဟောင်းကြီး များ ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ရွေးကောက်ခံခဲ့ပြီး နိုင်ငံရေးသမားဘ၀ စခဲ့သူဖြစ်ပြီး လွှတ်တော်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် “ရွှေလက်ဖြင့်ခေါ်တုန်းမလာက ဘူးလက်လွှတ်မည်” ဟု ပြောဆိုခဲ့၍ ဘူးလက် လှဆွေဟု နာမည်ကျော်သည်။
No comments:
Post a Comment