Wednesday, October 22, 2014

မြန်မာနှင့် ဘရူနိုင်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြု

နိုင်နိုင်ဇော်

မြန်မာနှင့် ဘရူးနိုင်း နှစ်နိုင်ငံ ဗီဇာမလိုဘဲသွားလာခွင့်သည် အောက်တိုဘာ ၂၁ ရက်မှ စတင် အကျုံးဝင်ပြီဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံသံရုံးက အတည်ပြုပြောဆိုသည်။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘရူနိုင်း နှစ်နိုင်ငံအစိုးရတို့သည် သံသမန်လမ်းကြောင်းမှ တစ်ဆင့် နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ အစောပိုင်းတွင် အပြန်အလှန်ပေးပို့ပြီး ဖြစ်သော်လည်း ယခုအချိန်မှသာ ပြည်သူအား အသိပေးခြင်းဖြစ်ကြောင်း သံရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်းက“အရင်ကတည်းက မြန်မာနဲ့ ဘရူးနိုင်းရဲ့သံတမန်တွေနဲ့ အစိုးရဝန်ထမ်းပိုင်းတွေကို ၁၄ ရက် ဗီဇာမလိုဘဲ သွားလာခွင့်ပေးထားပြီးသားပါ။ အခုမှ သာမန်ဗီဇာ ကိုင်ဆောင်သူတွေကို ခွင့်ပြုလိုက်တာပါ။ သက်တမ်းကတော့ ၁၄ ရက်ပါပဲ”ဟု ဆိုသည်။

အာဆီယံဗီဇာ ကင်းလွတ်ဇုန်အား ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော်လည်း ယခု အချိန်အထိ မြန်မာနိုင်ငံနှင့် ဗီဇာမလို သွားလာခွင့် ခြောက်နိုင်ငံသာ ရရှိထားပြီး စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့နှင့် သဘောတူလက်မှတ်ထိုးရန် ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိထားသော နိုင်ငံများမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် ယခုကင်းလွတ်ခွင့်ရရှိခဲ့သည့် ဘရူနိုင်းနိုင်ငံတို့ဖြစ်သည်။

ယင်းဗီဇာကင်းလွတ်ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က “ဘရူးနိုင်းနိုင်ငံနဲ့ ဗီဇာမလိုဘဲ သွားနိုင်မယ်ဆိုတော့ အာဆီယံဗီဇာကင်းလွတ်ဇုန် ၂၀၁၅ အတွက် အများကြီးအထောက်အကူပြုမှာပါ။ သူ့နိုင်ငံမှာ လာလုပ်နေတဲ့ နိုင်ငံခြားသားတွေက မြန်မာကို ဗီဇာမလိုဘဲ လာခွင့်တွေရတော့မယ့်အတွက် မြန်မာခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ အလုပ်အကိုင်တွေကိုပါ အထောက်အကူပြုမှာပါ” ဟု ဆိုသည်။

မြန်မာနှင့် အာဆီယံ ခြောက်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ရရှိထားသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးနှင့် ရင်းနှီးမြုပ်နှံမှု ပိုမိုပြုလုပ်နေသည့် ကျန်အာဆီယံသုံးနိုင်ငံနှင့်လည်း ယခု အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း နားလည်မှု လက်မှတ်ရေးထိုးရန် အားစိုက်လုပ်ဆောင်သင့်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

No comments: