Saturday, October 18, 2014

ရိုဟင်ဂျာကလေးငယ်ကို သြစီမှာ နေခွင့်မပြု

ABC

မြန်မာနိုင်ငံကနေ ​လာပြီး ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​ကြိုးစားနေတဲ့ ​ရိုဟင်ဂျာမိသားစုကို ​သြစတြေးလျမှာ ​နေထိုင်ခွင့် ​မပေးဖို့ ​တရားရုံးက ​ဆုံးဖြတ်ချက် ​ချလိုက်ပါပြီ။

ရိုဟင်ဂျာ ​ဇနီးမောင်နှံ ​နှစ်ဦးဟာ ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​လှေနဲ့ ​ရောက်ရှိလာတဲ့အတွက် ​Nauru ​ကျွန်းက ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်း ​ခံနေရပါတယ်။

ဒါပေမဲ့ ​ကိုယ်ဝန်ရှိပြီးနောက် ​ကျန်းမာရေးအခြေအနေကြောင့် ​ကလေးကို ​သြစတြေးလျနိုင်ငံ ​Brisbane ​မြို့က ​Matar ​ဆေးရုံမှာ ​မွေးပေးခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံ ​အတွင်း ​မွေးဖွားတဲ့ ​ကလေးငယ်ကို ​သြစတြေးလျမှာ ​နေထိုင်ခွင့်ပေးသင့်တယ်လို့ ​ရှေ့နေတွေက ​တောင်းဆိုထားပေမယ့် ​အစိုးရကတော့ ​လှေတွေနဲ့ ​ဝင်လာတဲ့လူကို ​တရားမဝင် ​ဝင်ရောက်လာသူတွေလို့သာ ​သတ်မှတ်ထားတာပါ။ ​ကလေးကို ​နေထိုင်ခွင့် ​ပေးဖို့ ​သင့်မသင့် ​ဆုံးဖြတ်ရာမှာ ​တရားရုံးက ​နေထိုင်ခွင့် ​မပေးဖို့ ​ဆုံးဖြတ်ခဲ့ပါတယ်။

ရိုဟင်ဂျာ ​မိဘနှစ်ပါးကနေ ​မွေးလာတဲ့ ​ကလေးငယ်ကတော့ ​Ferouz ​Myuddin ​ဖြစ်ပြီး ​အခုအခါမှာ ​၁၁ ​လသား ​အရွယ် ​ရောက်နေပါပြီ။

Ferouz ​Myuddin ​ကို ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့် ​မပေးတဲ့ ​ဆုံးဖြတ်ချက်နဲ့ ​ပတ်သက်ပြီး ​တရားရုံးမှာ ​နောက်တဆင့် ​အယူခံဝင်သွားမယ်လို့ ​ရှေ့နေဖြစ်သူ ​Murray ​Watt ​က ​ပြောပါတယ်။

အယူခံဝင်နေတဲ့ ​ကာလအတွင်း ​ဒီမိသားစုကို ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာခိုင်းတာတွေ ​မလုပ်ဖို့ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို ​တောင်းဆိုမှာဖြစ်ပြီး ​ဒီမိသားစုအနေနဲ့ ​တရားရုံးရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​အယူခံဝင်ခွင့်ရှိသင့်တယ်လို့ ​ယူဆကြောင်း ​ရှေ့နေက ​ပြောပါတယ်။

အစိုးရကတော့ ​ကလေးကို ​သြစတြေးလျမှာ ​နေထိုင်ခွင့် ​မပေးဖို့ ​တရားရုံးက ​ဆုံးဖြတ်တာကြောင့် ​ရိုဟင်ဂျာ ​မိသားစု ​တစ်ခုလုံးကို ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းကို ​ပြန်ပို့ဖို့ ​ကြိုးစားနေပမယ့် ​Green ​ပါတီကတော့ ​တရားရေးရာ ​ကိစ္စ ​မပြီးမချင်း ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာခိုင်းတာတွေ ​မလုပ်ဖို့ ​အစိုးရကို ​တောင်းဆိုထားပါတယ်။

No comments: