Thursday, October 23, 2014

လိပ်ကျွန်း လူသတ်မှု လုံးဝကျူးလွန်ခြင်းမရှိဟု စွပ်စွဲခံ မြန်မာ ၂ ဦး ငြင်းပြီ

လင်းသန်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုကို လုံးဝ ကျူးလွန်ခြင်း မရှိခဲ့ကြောင်း စွပ်စွဲဖမ်းဆီးခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့က ၄င်းတို့၏ ရှေ့နေများကို ယမန်နေ့က တွေ့ဆုံစဉ် ထုတ်ဖော် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား မစ္စတာ ဒေးဗစ် မီလာနှင့် မစ္စ ဟန်နာ ၀စ်သရစ်ခ်ျတို့ ၂ ဦးအား သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှုတို့ကို ဖိအားပေးခံခဲ့၍သာ ကျူးလွန်ခဲ့သည်ဟု ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့က ၄င်းအား ပြောကြားခဲ့သည်ဟု ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ဘန်ကောက်ပို့စ်ကို ပြောဆိုထားသည်။

ထိုင်းရှေ့နေများ ကောင်စီမှ မစ္စတာ ရတ်စဒါ မန်နူရာစဒါသည် လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၂ ဦးတို့၏ တရား ၀င် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ယမန်နေ့က ၄င်းတို့အား ထိန်းသိမ်းထားသည့် ကော့စမွေ အကျဉ်းထောင် သို့ သွားရောက်၍ ၄င်းတို့ ၂ ဦးနှင့် ၅ နာရီခန့်ကြာ တွေ့ဆုံခဲ့သည်။

မောင်ဝင်းဇော်ထွန်း နှင့် မောင်ဇော်လင်းတို့၏ ထိုင်းရဲတပ်ဖွဲ့တွင် ၀န်ခံချက်ပေးထားမှုကို တရားဝင် ပြန်လည် ရုပ်သိမ်း ကြောင်း စာကိုလည်း အဆိုပါ လိပ်ကျွန်းလူသတ်မှု တရား စွဲဆိုရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်သည့် မစ္စတာ ပိုင်ဘွန်း အာချဝန် နာ ထခွန် အား ထိုင်းရှေ့နေများ ကောင်စီမှ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ယမန်နေ့ညက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး၏ အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်ကလည်း မြန်မာ ၂ ဦး၏ ထိုင်းရဲစခန်းတွင် ထွက်ဆိုချက်ပေးခဲ့မှုသည် တရားရုံးတွင် သက်ရောက်မှုမရှိကြောင်း၊ ယခုကဲ့သို့ ရဲစခန်း ၀န်ခံချက်ကိုလည်း ပြန်လည် ရုပ်သိမ်းပိုင်ခွင့်ရှိကြောင်း ဧရာဝတီ သို့ ပြောသည်။

“ဥပဒေအရ ရဲစခန်း ခံဝန်ချက်က ရုပ်သိမ်းလို့ရတယ်၊ တရားသူကြီးရှေ့မှာ ဖြောင့်ချက်ပေးတာမဟုတ်လို့ပါ။ ရဲစခန်းမှာ အသပြာနဲ့ အာဏာကြောင့် ၀န်ခံတာမျိုးဆိုရင် အချိန်မရွေး ရုပ်သိမ်းလို့ရပါတယ်”ဟုလည်း သူက ဆိုသည်။

မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့ ၂ ဦးကလည်း ၄င်းတို့အား ဖမ်းဆီးခံထားရစဉ် စကားပြန်လုပ်ခဲ့သူ ရိုတီ (ပလာတာ) ရောင်းသည့် ကိုကမာ၏ ဘာသာပြန်ဆိုချက်ကို မယုံကြည်ကြောင်း၊ ၄င်း၏ မှားယွင်းဘာသာပြန်ဆိုမှုနှင့် ပတ် သက် ၍ ကိုကမာ ကိုလည်း ပြန်လည် တရားစွဲဆိုသွားရန် တောင်းဆိုခဲ့ကြောင်း ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါ က ပြော သည်။

“ရဲက မေးခွန်းတွေ သူတို့ကို မေးတာမှာ စကားပြန်က ပြန်ဆိုပေးတော့ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်၊ ဘက်ပေါင်းစုံက အချက်အလက် တွေ စုဆောင်း မယ်”ဟု ၎င်းက ပြောဆိုသည်။

ထိုင်းရှေ့နေများ ကောင်စီမှ မစ္စတာ ဆူရာပေါင်ကလည်း “သူတို့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတယ်၊ အရာရှိတွေရဲ့ ခြိမ်းခြောက် တာ ခံခဲ့ရတယ်လို့ သူတို့က ပြောတယ်”ဟု ပြောသည်။

မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့က ၎င်းတို့ကို ထိုင်းရဲများနှင့် စကားပြန်တို့က ရိုက်နှက်ညှဉ်းပန်းခဲ့ကြောင်း၊ ရင်ဘတ် ကိုလည်း ကန်ကျောက်ခဲ့ကြောင်း ရှေ့နေများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

အချိန်ပြည့် သံခြေချင်းခတ်ထားခံရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ကို တရားဥပဒေအရ အာမခံ ရရေးအတွက် လည်း ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးတို့က ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်းလည်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဦးဆောင်သည့် အဖွဲ့ကလည်း ကော့စမွေအကျဉ်းထောင်သို့ သွားရောက်၍ မောင် ၀င်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့ကို တွေ့ ဆုံခဲ့သေးသည်။

ထိုသို့တွေ့ဆုံပြီးနောက် မြန်မာ ၂ ဦးတွင် ပလတ်စတစ်အိပ်ဖြင့် ခေါင်းစွပ်ခြင်း အပါအ၀င် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်းလည်း ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

ဗြိတိန်၊ မြန်မာ အပါအ၀င် ထိုင်း လူမှုအသိုင်းအ၀ိုင်းများကလည်း အဆိုပါ မြန်မာ ၂ ဦးသည် အစားထိုး ဓားစာခံများဖြစ်သည် ဟု ယုံကြည်ထားကြပြီး ရဲစခန်းတွင် ၄င်းတို့ ၀န်ခံထွက်ဆိုချက်ပေးခဲ့ရသည်မှာ ငွေ သို့မဟုတ် ညှဉ်းပန်း နှိပ်စက်၍ ဖိအားပေး ၀န်ခံခိုင်းခြင်း ဖြစ်မည်ဟုလည်း ယုံကြည်နေကြသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ကမူ မြန်မာ ၂ ဦးကို လုံးဝ ညှဉ်းပန်းနှိပ်စက်ခဲ့မှု မရှိကြောင်း အစဉ်တစိုက်ပြော ဆိုလျက်ရှိသည်။

ယနေ့တွင် လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း၏ မိဘများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

No comments: