Sunday, October 26, 2014

နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာ ၅၀၀ ကျော်ကို ဗဟိုဘဏ်က ဖွင့်လှစ်ခွင့်ပြုထား

ဆန်းနယုန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာ ၅၀၀ ကျော်ကို ဖွင့်လှစ်ခွင့်ပြုထားသည်ဟု အောက်တိုဘာ ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှစ၍ ဘဏ်များကို ငွေလဲကောင်တာများ ခွင့်ပြုခဲ့ရာ ယခုအချိန်အထိ နိုင်ငံပိုင်ဘဏ် နှစ်ဘဏ်နှင့် ပုဂ်္ဂလိကဘဏ် ၂၁ ဘဏ်တို့ကို ငွေလဲ ကောင်တာ ၅၆၃ ခု ဖွင့်လှစ်ခွင့်ပြုခဲ့ သည်။

ယင်းငွေလဲကောင်တာများအနက် ငွေလဲကောင်တာ ၃၈၂ ခုသည် တိုင်းနှင့် ပြည်နယ်မြို့များ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဝင်အထွက်များသည့် မြို့များတွင် ဖွင့်လှစ်ကာ လုပ်ငန်းများအပြည့်အဝ လည်ပတ်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ဗဟိုဘဏ်သည် ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများအား နိုင်ငံခြားငွေများကို ပြည်တွင်း သုံးကျပ်ငွေဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ရန် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (M.C) ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ယခုအချိန်တွင် ဘဏ်မဟုတ်သော ပုဂ္ဂလိကလုပ်ငန်းများ၏ နိုင်ငံခြားငွေလဲ ကောင်တာပေါင်း ရာချီရှိနေပြီ ဖြစ်ပြီး သတ်မှတ်အရည်အချင်းများနှင့် အချက်အလက်များ ပြည့်စုံသော ကုမ္ပဏီ ၂၅၀ ခန့်ကို လုပ်ကိုင်ခွင့် ပေးအပ်ရန် စိစစ်နေသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ငွေလဲကောင်တာလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသူများသည် ဗဟိုဘဏ်၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ယင်းလုပ်ငန်းလိုင်စင် ကို ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးဆောင် ရွက်ရမည်ဖြစ်သည်။

နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည်လည်း ငွေလဲကောင်တာ လုပ်ငန်းခွဲများကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် တိုးချဲ့ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ဗဟိုဘဏ်ကလည်း သတ်မှတ်အရည်အချင်းရှိလုပ်ငန်းများကို လိုင်စင်များ ထပ်မံတိုးချဲ့ထုတ် ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

No comments: