Tuesday, October 21, 2014

နိုင်ငံပိုင်ဟိုတယ်များကို ငှားရမ်းသည့် လုပ်ငန်းရှင်အချို့ စာချုပ်စည်းကမ်းနှင့် မညီ

သီဟကိုကို

နိုင်ငံပိုင်ဟိုတယ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုရာတွင် အချို့ လုပ်ငန်းရှင်များသည် စာချူပ်ပါ စည်းကမ်းချက် များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိကြောင်း တွေ့ ရှိရသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် ဖော်ပြ ထားသည်။

နိုင်ငံပိုင်ဟိုတယ်များကို ငှားရမ်းသည့် လုပ်ငန်းရှင်အချို့သည် လေလံအောင်မြင်ပြီးနောက်တွင် ငှားရမ်းခပေး သွင်းမှုမရှိခြင်း၊ အာမခံစပေါ်ငွေ အပြည့်အ၀မ သွင်းခြင်း၊ စာချုပ်သက်တမ်းမကုန်မီ လုပ်ငန်းပြန် လည်အပ်နှံခြင်း စသည့် သဘောတူစာချုပ်ပါစည်းကမ်းများကို ပျက်ကွက်ခဲ့သည်ဟု ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက ပြောသည်။

စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းရှင်များထံမှ နိုင်ငံပိုင်ဟိုတယ်များကို သိမ်းယူခဲ့ပြီး ၀န်ကြီးဌာနမှတင်ဒါပြန်လည်ခေါ် ယူမည်ဖြစ်ရာ နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းရေး ဆောင်ရွက်ရာ တွင် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက်များကိုပါ တစ်ပါတည်းထုတ်ပြန်ခဲ့ သည်။

နိုင်ငံပိုင်ဟိုတယ်များငှားရမ်းရာတွင် ရင်းနှီးမြုပ်နှံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်တင်ပြရမည်ဖြစ်ပြီး ငှားရမ်းသူမှ မိမိနှင့်လုပ်ငန်းဆောင်ရွက်နေသာဘဏ်မှ မိမိဘဏ်စာရင်းကို တင်ပြရမည်ဖြစ်ကာ ငှားရမ်းသူမှ အဆိုပြုဈေးနှုန်းမပေးသွင်းပါက အဆိုပါဘဏ်မှ ပေးသွင်းမည့်အာမခံချက်ကို တင်ပြရမည်ဖြစ်သည်။

ငှားရမ်းမည့်လုပ်ငန်းရှင်မှ မိမိတင်သွင်းသော အဆိုပြုဈေးနှုန်းအပေါ် အရင်းကျေကာလနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေကို ဖော်ပြရမည်ဖြစ်ကာ ဌာနပိုင် ဟိုတယ်များကို လက်ရှိ ငှားရမ်းထားသူများသည် အမည်ပြောင်းပြီး ထပ်မံလျှောက်ထားခြင်းမပြုရန် အသိပေးထားသည်။

တင်ဒါအောင်မြင်သူသည် လုပ်ငန်းအာမခံစပေါ်ငွေကို မိမိတင်သွင်းထားသော တစ်နှစ်ငှားရမ်းခနှင့် ညီမျှသည့် ငွေကို တင်ဒါအောင်မြင်ပြီး သတ်မှတ်ရက်အ တွင်း တစ်လုံးတစ်ခဲတည်းပေးသွင်းရမည်ဟု သတ်မှတ် ထုတ်ပြန် ထားသည်။

ဟိုတယ်/ခရီးဝန်ကြီးဌာနမှ လွှဲပြောင်းယူထားပြီးဖြစ်သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ဟိုတယ်လေးလုံးကို ငှားရမ်းလုပ်ကိုင် ရန် စိတ်ဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များကို အိတ်ဖွင့် တင်ဒါပြန်လည်ခေါ်ယူထားသည်။

အခန်း ၄၅ ခန်းပါ ကလောဟိုတယ်၊ အခန်း ၃၃ ခန်းပါ ပင်းတယဟိုတယ်၊ မိတ္တီလာမြို့ရှိ အခန်း ၃၀ ပါ ၀န်ဇင်း ဟိုတယ်၊အခန်း၅၄ခန်းပါ ကော့သောင်းဟိုတယ် များကို ပုဂ္ဂလိကသို့ ငှားရမ်းသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များ တင်ပြသည့် အဆိုပြုလွှာများကို အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် လက်ခံမည်ဖြစ်ကာ လူတွေ့ မေးမြန်း ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

No comments: