Tuesday, October 28, 2014

ကိုပါကြီးအမှု အမှန်တရားပေါ်ရန် သမ္မတနှင့် ကာချုပ်တွင် တာဝန်ရှိဟုဆို

ရေခဲ (ပြည်)

ကိုပါကြီး အသတ်ခံရမှုအတွက် အမှန်တရားပေါ်ပေါက်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်တွင် အပြည့်အဝ တာဝန်ရှိကြောင်း ပြည်မြို့ရှိဒေသခံလူမှုရေး နှင့် နိုင်ငံရေးအင်အားစုများက အောက်တိုဘာ ၂၇ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

ထိုနေ့ည (၈) နာရီက ပြည်မြို့ တစ်လမ်းမောင်းလမ်းရှိ သံလွင်ခက် လူမှုအဖွဲ့ ရုံးခန်းတွင် ပြည်ဒေသခံလူမှုရေးနှင့် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးတွေ့ဆုံဆွေးနွေးကာ အချက်(၇)ချက်ပါသော ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင် ကိုပါကြီးအား ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် အစဖျောက်ဖျက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ မူလအခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။

စစ်ပွဲအတွင်းလက်ရဖမ်းမိသူ နှင့် လက်နက်ချသူများကို အကြမ်းဖက်ခြင်း သတ်ဖြတ်ခြင်း ကိုယ်အဂါင်္အစိတ်အပိုင်းများ ထိခိုက်အောင်ပြုလုပ်ခြင်း ရက်စက်စွာပြုမူဆက်ဆံခြင်း ညှင်းပန်း နှိပ်စက်ခြင်း မပြုရဆိုသည့် ဂျီနီဗာကွန်ဗင်းရှင်းပါ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ယင်းအပြုအမူက ချိုးဖောက်နေကြောင်းလည်း ကြေငြာချက်တွင်ပါရှိသည်။

ထို့ကြောင့် အမှန်တရားပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရအရေးယူပေးရေး၊ ကျန်ရစ်သူမိသားစုကို ကုစားခွင့် ရရှိစေရေးအတွက် ပြည်မြို့ခံ လူမှုရေး နှင့် နိုင်ငံရေးအဖွဲ့အစည်းများက အောက်တိုဘာ ၂၉ ရက် နံနက် ၈နာရီတွင် ဆန္ဒဖော်ထုတ်သွားမည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇ရက်က ထုတ်ပြန်သည့် ကြေငြာချက်ကို ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လက်တွဲကူမယ် ပြည်လူငယ်၊ Generatation Wave၊ ABSDF အစရှိသည့် နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းများက တာဝန်ယူ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments: