မျိုးသန့်
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ပြေးဆွဲမောင်းနှင်သော ယာဉ်များ စည်းကမ်းပျက်ခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု မဖြစ်စေရေးအတွက် မိုင်ငါးဆယ်ခြားတခါ စစ်ဆေးခြင်းများကို လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အမြန်လမ်းမကြီးတစ်လျောက် မောင်းနှင်နေတဲ့ကားကြီး၊ ကားသေးအားလုံးကို မိုင်ငါးဆယ်ခြားတစ်ခါ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာခြင်း ရှိ၊မရှိကို စစ်ဆေးဖို့လည်း စီစဉ်နေပြီဖြစ်တယ်” ဟု ၎င်းကပြောသည်။
အမြန်လမ်းမကြီးပေါ် ယာဉ်များမောင်းနှင်ရာတွင် ကီလိုမီတာ ၁၀၀ အထက် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ မောင်းနှင်ခြင်းတို့ကို စစ်ဆေးသွားမည်ဟုဆိုသည်။
ထို့ပြင်ယာဉ်များတွင် ကီလိုမီတာ ၁၀၀ အထက် မောင်းနှင်ခြင်းမပြုနိုင်သည့် အမြန်ထိန်းကိရိယာများကို တပ်ဆင်မောင်းနှင်စေခြင်း၊ မိုင်အရေအတွက်အလိုက် မောင်းနှင်ရသည့် ကီလိုမီတာကို စာရွက်များဖြင့် တွက်ချက်စစ်ဆေးခြင်း၊ စစ်ဆေးမှုပြုလုပ်ပြီးပါက ချက်ခြင်းအရေးယူရန်အဖွဲ့များကို ထားရှိစေခြင်းတို့လည်း လုပ်ဆောင်သွားရန် စီစဉ်နေပြီဟုဆိုသည်။
၂၀၁၃ ခုနှစ် အမြန်လမ်းယာဉ်တိုက်မှု လေ့လာချက်များအရ ဖေဖော်ဝါရီလ ၂၃ ကြိမ်၊ ဧပြီလ ၂၅ကြိမ်၊ ဇူလိုင်လ ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံး ယာဉ်တိုက်မှုဖြစ်ခဲ့သည့် လဖြစ်ကာ တစ်နှစ်ပတ်လုံးတွင် ယာဉ်တိုက်မှု ၂၅၉ကြိမ်ဖြစ်ပွားခဲ့သည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် တစ်ရက်လျှင် ဖြတ်သန်းသည့် ယာဉ်အရေအတွက် တစ်သောင်းခန့်ရှိပြီး တစ်လလျှင် မော်တော်ယာဉ် ၃ သိန်းကျော်ဖြတ်သန်း သွားလာနေကြသည်ဟု ဆိုသည်။
No comments:
Post a Comment