အေးမြင့်စန်း
၂၀၁၄ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ လူကုန်ကူး အမှုပေါင်း ၈၅ မှုတွင် တရုတ်နိုင်ငံသို့ ကုန်ကူးခံရမှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က မဇ္ဈိမကို ပြောသည်။
တရုတ်နိုင်ငံသို့ ၅၉ ဦး၊ ထိုင်းနိုင်ငံသို့ ၁၃ဦးနှင့် ပြည်တွင်း ၁၁ ဦး၊ မလေးရှားနိုင်ငံသို့ နှစ်ဦးတို့ဖြစ်သည်။ လူကုန်ကူးခံရသူများတွင်လက်ထပ်ရန် အဓမ္မစေခိုင်းခံရသူ ၅၈ ဦး၊ အဓမ္မလုပ်အား ခိုင်းစေခံရသူ ၁၆ဦး၊ ပြည့်တန်ဆာလုပ်စေရန် လူကုန်ကူးခံရသူ ၁၁ဦး ပါ ၀င်သည်ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
အဆိုပါလများအတွင်း ရှမ်းပြည်နယ် ၄၀ မှု၊ ကချင်ပြည်နယ် ငါးမှု၊ ရန်ကုန်နှင့် မန္တလေးတွင် ရှစ်မှု၊ တနသာင်္ရီတိုင်း ခုနှစ်မှု၊ ဧရာ ၀တီတိုင်းလေးမှု၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်မှုစီနှင့် ကရင်ပြည်နယ် တွင် ၁မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ လူကုန်ကူးမှု ခြောက်မှု နှင့် စက်တင်ဘာတစ်လတာအတွင်း ၁၃ မှုဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်တွင် ခုနှစ်မှု၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင်နှစ်မှု၊ တနသာင်္ရီတိုင်းနှင့် မကွေးတိုင်းတွင် ၁မှုစီ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံလူကုန်ကူးမှုဖြစ်စဉ်တွင် အဓိက ဆက်စပ်ဖြစ်ပွားသည့် တရုတ်နိုင်ငံ ၊ထိုင်းနိုင်ငံများတွင် ဝယ်လိုအား ကြီးမားနေဆဲဟုဇွန်လအတွင်းက ထွက်ရှိသည့် မြန်မာနိုင်ငံလူကုန်ကူးမှု ငါးနှစ်စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြန်လည်ကယ်တင်ထားသည့် လူကုန်ကူးခံရသူများကို ယာယီဂေဟာများတွင် ကာကွယ်စောင့်ရှောက် ပေးနိုင်ရေး၊ မိဘများရှိရာ နေရပ်ထံပြန်လည်ပို့ဆောင်ပေးရေး၊ တရားခံများကို တရားစွဲဆိုနိုင်ရေးအစရှိသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကုန်ကျမှုစရိတ်ကြီးမားမှုသဖြင့် နိုင်ငံတော်ဘဏ္ဍာမှ သင့်တင့်သော ရန်ပုံငွေထူထောင်ရန် မဖြစ်မနေ လိုအပ်နေခြင်း၊ အလှူရှင်များပေါ် ပေါက်စေရန် စည်းရုံးခြင်းများလည်း လိုအပ်လျက်ရှိသည်ဟု အဆိုပါ စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment