Monday, October 27, 2014

ငွေသုံးထောင်ဖြည့်ပါက အူရီးဒူးဖုန်းအချင်းချင်း မိနစ်တစ်ထောင်နှင့် မက်ဆေ့ခ်ျ တစ်ထောင် အခမဲ့ရမည်

မောင်မန်း

အူရီးဒူး ဖုန်းဆင်းမ်ကတ်ကို အနည်းဆုံး ငွေသုံးထောင်ဖြည့်ပါက အူရီဒူးဖုန်းအချင်းချင်း မိနစ် တစ်ထောင် အခမဲ့ပြောဆိုနိုင်မည်ဖြစ်ပြီးစာတို ပို့ခြင်း (messaging) အကြိမ်တစ်ထောင် ပို့နိုင်မည်ဖြစ်သည်ဟု အူရီးဒူးမြန်မာက သတင်းထုတ်ပြန်သည်။

အူရီးဒူး မြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက "ကျွန်မတို့ရဲ့ ၀န်ဆောင်မှု ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စမ်းသပ်အသုံးပြုလို သူတွေအတွက်လည်း ရည်ရွယ်ပါတယ်” ဟု ပြောသည်။

ငွေဖြည့်ရာတွင် တစ်ကြိမ်တည်းနှင့် သုံးထောင်ဖိုးပြည့်အောင် ထည့်ရန်မလိုအပ်ဘဲ အောက်တိုဘာ ၂၄ ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကျပ်သုံးထောင် ဖိုး ပြည့် အောင်ဖြည့်လျှင် အဆိုပါ ၀န်ဆောင်မှုကိုရမည် ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူရီးဒူးဆင်းမ်ကတ် အသုံးပြုသူတစ်ဦးက"သုံးထောင်ကဘယ်လိုမဆို ဖြည့်နေရတာပဲလေ။မိနစ်တစ်ထောင်အခမဲ့ ပြောနိုင်မယ်ဆိုတာတော်တော်လေးကောင်း ပါတယ်။ ဒီထက်ပိုပြီး ကွန်ရက်ပိုကောင်းလာရင် အဆင်ပြေမယ်" ဟု ဆိုသည်။

အောက်တိုဘာလလယ်ထိ အူရီးဒူး၏ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ လူဦးရေ ၁၂ ဒသမ ၅ သန်းကို ကွန်ရက် ဖြန့်ထားပြီး ဖြစ်ပြီး ၂၀၁၄ နှစ်ကုန်တွင် လူဦးရေ ၂၅ သန်းကို ကွန်ရက်ဖြန့်ကျက်နိုင်မည် ဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အူရီးဒူး အနေဖြင့် ယခုကဲ့သို့ ပရိုမိုးရှင်းအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဒေါ်သီရိကြာ ညိုက ဆိုသည်။

No comments: