Friday, October 24, 2014

ရခိုင်တောင်ပိုင်း စည်းရုံးရေး ပြည်ခိုင်ဖြိုး အရှိန်မြှင့်

ကေဇူး

၂၀၁၀ ရွေးကောက်ပွဲတွင် အခြေလှခဲ့သည့် ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်များ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ပြည်နယ်အတွင်းရေးမှူး ဦးသန်းရွှေက အောက်တိုဘာ ၂၂ ရက်တွင် မဇိ္ဈမကိုပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်အရ ရခိုင်အမျိုးသားပါတီကို ပြည်နယ်တစ်ဝှမ်းလုံး၌ ယှဉ်ရန် မလွယ်ကူသော်လည်း ရခိုင်တောင်ပိုင်းရှိ မြို့နယ်လေးခုတွင်မူ အနိုင်ရလဒ် ဆက်ထိန်းနိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီက ယုံကြည်နေခြင်းဖြစ်သည်။

“ပြိုင်တာကတော့ မြို့နယ်အားလုံး ၀င်ပြိုင်မယ်။ ၂၀၁၀ တုန်းကနိုင်ခဲ့တဲ့ မြို့နယ်တွေအားလုံးမှာ အနိုင်ရဖို့ လည်း ယုံကြည်တယ်” ဟု ဦးသန်းရွှေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် အရှိန်မြှင့်နေပြီဟု ၎င်းက အသိပေးသည်။

အောက်တိုဘာလ ဒုတိယအပတ်မှ စတင်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌများ ကိုယ်တိုင် ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည်။

သံတွဲခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဘုန်းကြီးကျောင်းများမှ တဆင့် ပြည်ခိုင်ဖြိုးက စည်းရုံးရေး လုပ်ကိုင်နေသည်ဟု ဒေသခံအချို့က ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်က ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ပြီးတော့ ဥက္ကဋ္ဌ အိမ်ကိုသွားတယ်။ ဥက္ကဋ္ဌက တစ်အိမ်တစ်ယောက် မလာမနေရဆိုလို့ ဘယ်ပါတီဝင်ဖြစ်ဖြစ် သွားနားထောင်ရတယ်” ဟု သံတွဲ မြို့နယ် မော်ရှည်ကျေးရွာမှ ဒေါ်သန်းနု က ပြောသည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးကြည်ရွှေကမူ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ အမျိုးသမီးစသည့် ကဏ္ဍတို့တွင် အဖွဲ့အစည်းပုံစံဖြင့် စည်းရုံးရေးလုပ်ရန်သာ ညွှန်ကြားထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ပါတီမှာ ဘုန်းကြီးကျောင်းတွေကတစ်ဆင့် စည်းရုံးရေးဆင်း ဖို့ညွှန်ကြားထားတာမရှိဘူး။ စည်းရုံးရေးဆင်းတဲ့ သူတွေက ဘုန်းကြီးတွေဘာတွေ ဝင်ဖူးတာတော့ ရှိရင်ရှိမှာပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အာဏာအရပ်ရပ်ကို ချုပ်ကိုင်နိုင်သည်အထိ အောင်ပွဲခံခဲ့သော ပြည်ခိုင်ဖြိုးသည် ရခိုင်ပြည်နယ်၌မူ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောမြို့များတွင်သာ အနိုင်ရရှိသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် ၁၇ နေရာတွင် နှစ်ဦး၊ အမျိုးသား လွှတ်တော် ၁၂ နေရာတွင် ငါးဦး၊ ပြည်နယ်လွှတ်တော် ၃၃ နေရာတွင် ရှစ်ဦးသာ ပြည်ခိုင်ဖြိုးတို့ အနိုင်ရထားသည်။

No comments: