Sunday, October 19, 2014

ရေဆိုးစွန့်ထုတ်မှု စည်ပင်၏ ညွှန်ကြားချက် အတိုင်းလိုက်နာဟု ချက်ထရီယမ် ဟိုတယ်တုံ့ပြန်

ကေဇူး

ချက်ထရီယမ် ဟိုတယ်အနေဖြင့် ကန်တော်ကြီးအတွင်းသို့ ရေဆိုးစွန့်ပစ်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြောကြားချက်မှာ မဟုတ်မှန်ဟု ချက်ထရီယမ်ဟိုတယ်က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ ဖြေရှင်းလိုက်သည်။

ရန်ကုန်မြို့တော်စည်ပင်၏ သတ်မှတ်ထားသော ရေဆိုးသန့်စင် စနစ်ကို အသုံးမပြုဘဲ ကန်တော်ကြီးထဲသို့ ရေဆိုးစွန့်ထုတ်သည်ဟု ဆိုကာ ချက်ထရီယမ်ဟိုတယ်ကို တရားစွဲဆိုရန်စီစဉ်ထားသည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က အောက်တိုဘာ ၁၆ရက်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ချက်ထရီယမ်ဟိုတယ်၏ ပြင်ပဆက်သွယ်ရေး အရာရှိ ဒေါ်သဉ္ဇာမြတ်မွန်က "ကျွန်မတို့ ကန်တော်ကြီးထဲကို ရေဆိုးစွန့်ပစ်မှု မရှိပါဘူး၊ စည်ပင်က ကားတွေကို ငှားပြီး စွန့်ပစ်ပါတယ်”ဟု မဇ္ဈိမကိုပြောသည်။

ချက်ထရီယမ်ဟိုတယ်က ၂၀၁၄ခုနှစ် မတ်လမတိုင်မီအထိ ဟိုတယ်အတွင်း ရေဆိုးသန့်စင်စနစ်ကို အသုံးပြုပြီး ကန်တော်ကြီးထဲသို့ စွန့်ထုတ်ခဲ့သော်လည်း ရန်ကုန်မြို့တော်စည်ပင်၏ ညွှန်ကြားချက် လာရောက်ပြီးနောက်ပိုင်း စွန့်ထုတ်ခြင်း မရှိတော့ဟုလည်း သူကပြောသည်။

လက်ရှိတွင် ရေဆိုးစွန့်ထုတ်ရန် လမ်းကြောင်းသစ်ပြုလုပ်နေချိန်၌ ရန်ကုန် မြို့တော်စည်ဌာန ပိုင်ကားများကို နေ့စဉ်ငှားရန်း၍ ရေဆိုးစွန့်ထုတ်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ချက်ထရီယမ်ဟိုတယ်၏ ရေဆိုးစွန့်ထုတ်စနစ်ကို ပြန်လည်ပြင်ဆင်ပြီး အရည်အသွေး စစ်ဆေးမှုများလည်း လုပ်ဆောင်ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က “သူတို့ရေထုတ်စနစ်ကို လုပ်ပြီးပြီလို့ ပြောပေမယ့် လုပ်ငန်းဆောင်ရွက်ပြီးစီးတဲ့ အထောက်အထားမရှိတဲ့အတွက် တရားစွဲတဲ့ကိစ္စကို ဆက်လုပ်မှာပါ၊ ပြီးတဲ့အချိန်ကျမှ ရပ်မှာပါ”ဟု မဇ္ဈိမကိုပြောသည်။

ချက်ထရီယမ်ဟိုတယ်၏ ရေဆိုးစွန့်ထုတ်မြောင်းကို ကန်တော်ကြီး အတွင်းသို့ သွယ်တန်းခြင်းမပြုဘဲ ဟိုတယ်နှင့် မီတာ ၄၀၀ ဝေးသော ရေဆိုးစွန့်ထုတ်မြောင်းကို စွန့်ပစ်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ချက်ထရီယမ် ဟိုတယ်ကမူ စည်ပင်သာယာရေး ကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ရေဆိုးပိုက်ကို YCDC Drain Lineအတွင်း မီတာ ၄၀၀ အကွာအဝေးအထိ သွယ်တန်းရန် Quatationများ စိစစ်ခြင်း၊ ကန်ထရိုက်များ ခန့်အပ်ခြင်များကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ဆဲ ဖြစ်သည်ဟု ၎င်းတို့၏ အောက်တိုဘာ ၁၈ရက်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ရေးသားထားသည်။

No comments: