Friday, October 24, 2014

ဒေပါဝါလီပွဲတော် အစဉ်အလာအတိုင်း ကျင်းပပြီး အလှုအတန်းများ ပြုလုပ်

နန်းမြင့်

အောက်တိုဘာ ၂၃ ရက်တွင် ကျရောက်သော ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးပွဲတော်ဒေပါဝါလီနေ့တွင် ပြည်တွင်းရှိ ဟိန္ဒူဘာသာဝင်များ အိမ်တိုင်းတွင် ဆီမီးပူဇော်ခြင်းနှင့် အလှူအတန်းများ ပြုလုပ်ကြသည်ဟု အထက်မြန်မာပြည် ဟိန္ဒူဘာသာရေးအဖွဲ့ခွဲ အမှုဆောင်ကော်မတီဝင် စီမံရေးရာတာဝန်ခံ ဦးကံကောင်းက မဇ္ဈိမကို ပြောသည်။

ဒေပါဝါလီနေ့သည် ဟိန္ဒူဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသည်။

ရန်ကုန်မြို့ရှိ စန္ဒိမယ်တော်ဟိန္ဒူဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် Nihal Chakboarty က “ရှေးခေတ်ကတည်းက ဒေပါဝါလီပွဲတော်ကို ရိုးရာမပျက်အောင် အစဉ်အလာအရ ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်။ ဒေပါဝါလီဆိုတာ ကာလီမယ်တော်ကို ရှိခိုးပေးတာ” ဟု ပြောသည်။

မန္တလေးမြို့တွင် ဒေပါဝါလီအထိမ်းအမှတ်ပွဲတော်ကို အောက်တိုဘာလ ၂၁ရက်မှ စပြီး ၂၄ရက် အထိ ပြူလုပ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၂၃ရက်၊ ၂၄ရက်တွင် မန္တလေး သနန္တနဟိန္ဒူဘုရားကျောင်းတွင် ယခုနှစ် အထူးအစီအစဉ်အနေဖြင့် ကံစမ်းမဲဖွင့်ပေးသည့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ပေးခြင်း၊ လူငယ်အဖွဲ့များမှ ကားဖြင့် လှည့်လည်ပျော်ဖြေခြင်းများ၊ ညစာစားပွဲများ ပြုလုပ်ခြင်း စသည်တို့ ပြုလုပ်ကြသည်။

ဦးကံကောင်းက “ဒီပွဲတော်ကို အနည်းဆုံး ၃ရက်၊ ၄ရက်ပြုလုပ်ကြတယ်။ ဟိန္ဒူမိသားစုအိမ်တိုင်းမှာ လတ်ခ်ျမီးလ်မယ်တော်ကို ညပိုင်းတွေမှာ ဆီမီးတွေနဲ့ ထွန်းညှိပြီး ပူဇော်ကြတယ်။ လတ်ခ်ျမီးလ် မယ်တော်က စီးပွားရေးအတွက် ရွှေငွေရတနာတွေ ပေးတဲ့မယ်တော်ဖြစ်တယ်။ အိန္ဒိယမုန့်အချိုတွေနဲ့ အလှူအတန်းပြုလုပ်ကြတယ်”ဟု ပြောသည်။

ဒေပါဝါလီနေ့တွင် ဘုရားကျောင်းများ၌ မိမိတို့၏ အစီအစဉ်ဖြင့် ပျော်ပွဲရွင်ပွဲ များပြုလုပ်ကြသည်။

No comments: