Wednesday, October 15, 2014

ဝန်ဆာင်ခပိုတောင်းသော အေဂျင်စီများကို လိုင်စင်ပိတ်မည်

ကေဇူး

ထိုင်းနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများထံက သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသော အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအသင်းချုပ် (MOEAF)၏ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၃ ရက်က အသင်းချုပ်ရုံးခန်းတွင် ကျင်းပသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများကွန်ရက်၏ သတင်းစာရှင်းလင်းပွဲတွင် ကွန်ရကဝင် တစ်ဦးက အလုပ်သမားများထံက ငွေကြေးများစွာ ရယူသော အေဂျင်စီများကို အရေးယူမှုနှင့် ပတ်သက်သည့် မေးခွန်းကို ဦးမင်းလှိုင်က တုံ့ပြန်ဖြေကြား လိုက်ခြင်းဖြစ်သည်။

၎င်းက “ထိုင်းကိုသွားဖို့အတွက် သတ်မှတ်နှုန်းထားထက်ပိုပေးရရင် အထောက်အထားနဲ့ လာတိုင်ပါ အလုပ်သမား ၀န်ကြီးဌာန နဲ့ပူးပေါင်းပြီး လိုင်စင်ပိတ်တဲ့အထိအရေးယူပါတယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်အကိုင်ရှာဖွေပေးရန် ထိုင်းနိုင်ငံ အစိုးရနှင့် မြန်မာအစိုးရတို့ MOU လက်မှတ်ရေးထိုးထားပြီး အေဂျင်စီများက လုပ်ငန်းလိုင်စင်ဖြင့် ပြန်လည် လုပ်ကိုင်နေခြင်းဖြစ်သည်။

ယင်းအေဂျင်စီများသည် ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာအလုပ်သမား တစ်သိန်းကျော်ကို MOU စနစ်ဖြင့် ပေးပို့ပြီးဖြစ်သည်။

No comments: