Mizzima
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြိုနယ်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားဆွဲဆိုခံထားရသော လယ်သမားများ သည် လွှတ်တော် အမတ် နှစ်ဦးကို ၎င်းတို့၏ သက်သေ အဖြစ်တရားရုံးသို့ တင်သွင်းထားရာ အောက်တိုဘာ ၇ ရက်တွင် တရားရုံးက လက်ခံသင့် မခံသင့်ဆုံးဖြတ်မည်ဟု လယ်သမားများ၏ အမှုလိုက်ရှေ့နေ ဦးမြင့်အေးက ပြောသည်။
“အမတ်တွေက ဖြေရှင်းပေးပါမယ် လို့ပြောနေရဲ့သားနဲ့ လယ်သမားတွေ အဖမ်းခံနေရတယ်။ လယ်ယာမြေနဲ့ ပတ်သတ်ပြီး လာစစ်နေရတဲ့အမတ်တွေကို တရာခံပြသက်သေအနေနဲ့ ပြတာ။ တရားရုံးကို ခေါ်ပေးပါလို့ တင်ပေးထားတယ်။တရားရုံးက ခေါ်သင့်မခေါ်သင့်မနက်ဖြန်အမိန့်ချမယ်” ဟုလယ်သမားများ၏ အမှုလိုက်ရှေ့နေ ဦးမြင့်အေးကဆိုသည်။
၎င်းလွှတ်တော်အမတ် နှစ်ဦးသည် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ နှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော ပြည်မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့် နှင့် သဲကုန်းမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးအောင်တို့ဖြစ်သည်။
“ လယ်သမားတွေကိုယ်တိုင်က သက်သေစစ်ပေးပါလို့ ပြောထားတယ်။ ပြီးခဲ့တဲ့အပတ်က သက်သေတင်တယ်။ဥပဒေအရာရှိ ကလည်း တရားခံရဲ့ အခွင့်အရေးဖြစ်တဲ့ အတွက် မကန့်ကွက်ပါဘူးလို့ တင်ပြထားတယ်” ဟုလယ်သမားများ၏ အမှုလိုက်ရှေ့နေ ဦးမြင့်အေးကဆက်ပြောသည်။
၂၀၁၁ခုနှစ်တွင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ မြောက်ဘက် ကွင်းအမှတ် ၉၂၂ နှင့် အောင်ကုန်းကျေးရွာ တောင်ဘက်ကွင်း အမှတ်၉၂၃ လယ်မြေ ၂၁၇၄ဧက ကို တပ်မ(၆၆) မှသိမ်းယူခဲ့ပြီး အမှတ်(၃) လယ်ယာလက်ကား သမ၀ါယမမှ ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။
၎င်းလယ်ယာမြေများပြန်လည် ရရှိရေးအတွက် ဆန္ဒပြပွဲတောင်းဆိုခြင်း၊ သပိတ်စခန်းဖွင့်လှစ်ခြင်း၊ ထွန်တုံးတိုက်ပွဲပြုလုပ်ခြင်း၊ ကျန်စာတိုက်ပွဲပြုလုပ်ခြင်း၊ မေတ္တာပို့ဆုတောင်းခြင်း များပြုလုပ်ခဲ့ရာ ပုဒ်မ(၁၈)ဖြင့်(၃)ဦး ၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် (၉) ဦး ပုဒ်မ၄၄၇ဖြင့် (၁၂) ဦးတရားဆွဲခံခဲ့ရသည်။
ပုဒ်မ၅၀၅(ခ)ဖြင့်တရားဆွဲဆိုခံရသူများဖြစ်သည့် ကိုမောင်ဝင်း၊ ကိုပေါက်စ၊ ဒေါ်ညိုတို့မှာ ပေါင်းတည်ထောင်တွင် အကျဉ်းကျခံနေရပြီး ကိုကောင်းထက်ကျော် ၊ မခင်မာအေး ၊ ကိုသန့်ဇင်ထက် ၊ ကိုကျော်သူအောင်တို့မှာ တရာခံပြေးအဖြစ် ကြေငြာခံထားရသည်။
No comments:
Post a Comment