Sunday, October 19, 2014

ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် ဒေသခံအချို့ ဆန္ဒပြ

ခင်မြတ်မြတ်ဝေ

ဝေဖန်မှုများ ရှိလာပြီးနောက်ပိုင်း တိုင်းအစိုးရအဖွဲ့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အပြီး ဆိုင်းငံ့ရန် တရားဝင်ကြေငြာလိုက်သည့် ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည် အကောင်အထည်ဖော်ရန် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရွာ (၉) ရွာမှ ဒေသခံ ၁၀၀၀ ခန့်က အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

"မြို့သစ် အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုတာပါ။ ဒီစီမံကိန်း လုပ်ဖြစ်ရင် ကျွန်တော်တို့ ဒေသခံတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မာလာမယ်။ ကျောင်းတွေ ဆောက်ပေးမယ်၊ လမ်းတွေလည်း ကောင်းလာမယ်။ တစ်ဖက်ကမ်းက သူတွေနဲ့ ကျွန်တော်တို့တွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ဘက်က အရမ်းကို ကွာတယ်"ဟု အလတ်ချောင်းကျေးရွာမှ ဦးတင်စိုးက ကဆိုသည်။

သို့သော် ဆန္ဒထုတ်ဖော်ရာ၌ အချို့သောဒေသခံများက ဆန္ဒထုတ်ဖော်မည့် အကြောင်းအရင်းကိုပင် မသိရှိခဲ့ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှုးက တစ်အိမ်တစ်ယောက် လိုက်ရမည် ဆိုသောကြောင့် လာရောက်ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

"၆ နာရီလောက် ကထွက်လာတယ်။ မသိဘူး ဘာကြောင့်ပြတာလဲမသိပါဘူး။ ကိုယ့်ရပ်ကွက်က လူကြီးက ခေါ်လို့လာတယ်။ တစ်အိမ်တစ်ယောက် လာရမယ်ဆိုလို့ပါ ဦးသန်လုံးက လူကြီးကခေါ်တာပါ။ ဆန္ဒပြတာ အလှူရှင်တွေကတော့ ကျွေးကြပါတယ်။နာမည်တွေတော့ မသိဘူး" ဟု ဆန္ဒထုတ်ဖော်ရန် လိုက်လာသည့် အသက် ၅၀ကျော်ရှိပြီဖြစ်သည့် ဒေါ်သန်းသန်းအေးက မဇ္ဈိမကို ပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုအတွက် ခွင့်ပြုမိန့်ကို အောက်တိုဘာလ ၇ရက်က ကြည့်မြင်တိုင်မြို့နယ်ရဲစခန်း မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ခွင့်ပြုမိန့်ကိုတင်ခဲ့ပြီး အောက်တိုဘာလ၁၈ရက်နေ့ကို သက်ဆိုင်ရာ ရဲစခန်းမှ ခွင့်ပြုပေးခဲ့သည်ဟု အလတ်ချောင်းကျေးရွာမှ ဦးတင်စိုးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက် ဖွံ့ဖြိုးရေးတောလမ်းမှ ဝါးရုံဆိပ်အေးရွာ အနောက်ရပ်ကွက်၊ ဝါးရုံဆိပ်ရွာ အဝင်လမ်း၊ ဖွံ့ဖြိုးရေး လမ်းမကြီးအထိ လူအင်းအား ၁၀၀၀ ခန့်က ဒေသခံများ ဖွံ့ဖြိုးတိုးတက်ဖို့ မြို့သစ်စီမံကိန်း အကောင်အထည်ဖေါ်ပေးပါ၊ တောင်သူ ဘဝကို စာနာပါ၊ လက်လုပ်လက်စာ သမားများဘဝကို စာနာပါ၊ စာသားများ ရေးသာထားသည် ဗွီနိုင်းများကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းလွှတ်တော်၌ အသိပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် ဆိုင်းငံ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ယင်းစီမံကိန်းအား အပြီးဖျက်သိမ်းခြင်းလား ခတ္တဆိုင်းငံ့ခြင်းလားဟု မီဒီယာများ၏ မေးမြန်းချက်ကို မြို့တော်ဝန်က "အဲဒါတော့ ကိုယ့်ဘာသာ တွေးကြည့်ကြပေါ့" ဟုသာ ဖြေကြားခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၃၀,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ကျပ်ဘီလီယံ ၇၀၀၀ နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကနဦးကြေငြာခဲ့သည်။

စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံ့တေးတူးမြောင်းအကြား လှိုင်မြစ်နှင့် လှိုင်သာယာ၊ တွံတေးကားလမ်းကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံ့တေးမြို့နယ်များကို အသုံးပြုမည် ဟုလည်း ဆိုခဲ့သည်။

No comments: