Friday, October 17, 2014

စီးပွားဖြစ် ဘိန်းစိုက်သူ ၆၅ ရာခိုင်နှုန်းကျော် ရှိနေ

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကျော်သည် စီးပွားဖြစ်စိုက်ပျိုး နေသူများဖြစ် ပြီး စားဝတ်နေရေးအတွက် သာမန်စိုက်ပျိုးနေသည့် ဘိန်းစိုက်တောင်သူ ၃၅ ရာခိုင်နှုန်း နီးပါးသာရှိသည် ဟု မူးယစ်တပ်ဖွဲ့ခွဲ (၂)၊ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်က ပြောသည်။

သို့သော် စားဝတ်နေရေးအတွက် စိုက်သည့်တောင်သူဖြစ်စေ၊ စီးပွားဖြစ် စိုက်ပျိုးသည့် ဘိန်းကုန်သည် ဖြစ်စေမည်သူမဆို မူးယစ်ဥပဒေအရ အရေးယူမည်ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းသည် နိုင်ငံအတွင်း ဘိန်းထွက်ရှိမှု ပမာဏစုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး ကွန်ဟိန်း၊ ပင်လောင်း၊ လွိုင်လင် မြို့နယ်များတွင် အများဆုံးထွက်ရှိသည်ဟု မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့ခွဲ(၂) စာရင်းများတွင် ဖော်ပြထားသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု တားဆီးရေးရုံး(ြ့ဦဃ)နှင့် သက်ဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးမြို့များ၌ ကော်ဖီ၊ ရော်ဘာအစရှိသော ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အားလုံးကို မထောက်ပံ့ နိုင်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့ စာရင်းများက ဘိန်းစိုက်ပျိုးသည်ဟု ယူဆရသော အိမ်ထောင်စု တစ်သိန်းသုံးသောင်းကျော်အနက် အိမ်ထောင်စု ၂,၃၀၀ ကျော်ကိုသာ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။

နမ့်ဆန်ဒေသခံ ကိုအိုက်သီးကမူ ဘိန်းနှင့် အစားထိုးသီးနှံတို့၏ တွက်ခြေကိုက်မှု ကွာခြားချက်ကို မဖြေရှင်းနိုင်က ပြေလည်မည်မဟုတ်ဟု သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ၂၀၀၆ ခုနှစ်အတွင်း ဟတ်တာ၂၁,၅၀၀ သာရှိခဲ့ရာမှ နှစ်စဉ် မြင့်တက်လာနေပြီး၊ ၂၀၁၃ ခုနှစ်အ ရောက်တွင် စုစုပေါင်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်လာကာ ထုတ်လုပ်မှုပမာဏ မက်ထရစ် ၈၇၀ တန်အထိရှိလာသည်ဟု ရဲတပ်ဖွဲ့ စာရင်းများက ဆိုထားသည်။

No comments: