Saturday, October 18, 2014

ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြသည့် ကိုထင်ကျော် ၁၄ ရက်အကြာတွင် သပိတ်ပြန်လှန်

ယုဝေ

ထောင်တွင်း အစာအငတ်ခံဆန္ဒပြနေသည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်(ခ)ကိုကျော်ထင် က ရက်သတ္တပါတ် နှစ်ပါတ်အကြာတွင် သပိတ်လှန်လိုက်ပြီဟု ကိုထင်ကျော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘက်စန်းအောင်က အောက်တိုဘာ၁၆ ရက်က ကျောက်တံတားမြို့နယ် တရားရုံးရှေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုထင်ကျော်က အောက်တိုဘာ ၂ ရက်က ကျောက်တံတားမြို့နယ် တရားရုံးထုတ်စဉ် ထိုရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ အစာအငတ်ခံ ဆန္ဒပြမည်ဟုခဲ့သော်လည်း ကိုထင်ကျော် ထောင်တွင်းတောင်းဆိုခဲ့သည့် အချက်သုံးချက်ကို လိုက်လျောမည့် အရိပ်အရောင်တွေ့လာ၍ဟု ဆိုကာ သပိတ်လှန်ခဲ့ခြင်းဖြစ်သည်ဟု ဦးရောဘတ်ဆန်းအောင်က ဆိုသည်။

“၁၄ ရက်လောက် လုပ်ထားတာကြောင့် ကျန်းမာရေးမှာတော့ နည်းနည်းလေးချို့ယွင်းသွားတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ ကြံခိုင်မှုရှိပါတယ်” ဟု ၎င်းကပြောသည်။

ကိုထင်ကျော်တွင် ကျန်းမာရေးအားနည်းနေ၍ အောက်တိုဘာ ၁၆ ရက် ရုံးချိန်အား အောက်တိုဘာ ၂၀ ရက်သို့ ပြောင်းရွှေ့ချိန်းဆိုရန် လျှောက်ထားခဲ့သည်ကို တရားရုံးက လက်ခံခဲ့သည်ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်နှင့်အဖွဲ့သည် ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးရန် တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံအပါအ၀င် မြို့နယ် ၁၁ မြို့နယ်တွင် စာရွက်များလိုက်လံဝေငှခဲ့သဖြင့် ယင်းမြို့နယ်များက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခြင်းခံရပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုထင်ကျော်သည် ပုဒ်မ ၁၈ ဖြင့်လည်း ထောင်ဒဏ်ချမှတ်ခံထားရသဖြင့် စုစုပေါင်းထောင် ဒဏ်၁၁ နှစ် နှင့် ၄ လ ချမှတ်ခံထားရသူဖြစ်သည်။ လက်ရှိအချိန်တွင် ကိုထင်ကျော်က ကျောက်တံတား မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုရင်ဆိုင်နေရပြီး လှိုင်မြို့နယ် တရားရုံးတွင်လည်း ပုဒ်မှ ၁၈ ဖြင့် အမှုရင်ဆိုင်ရန် ကျန်ရှိနေသည်။

ကျောက်တံတားမြို့နယ် တရားရုံးရှေ့တွင် ကိုနေလင်းစိုဆိုသူက ကျောက်တံတားမြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးတို့တွင် ငြိမ်း၊ စု၊ စီ ပုဒ် ၁၈ ကို ဆန့်ကျင့်ကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

No comments: