Wednesday, October 1, 2014

တပ်ပြင်ပသို့ ယူနီဖောင်းဖြင့် သွားလာခြင်း ဆင်ခြင်ရန် မွန်ပြည်သစ်ပါတီ ညွန်ကြားထား

ဟင်္သာနီ (မွန်မြေ)

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော်အကြား ပစ်ခတ်မှုများ ဖြစ်ပွား နေခြင်းကြောင့် ထိန်းချုပ်နယ်မြေချင်း နီးစပ်မှုရှိနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ကလည်း ၎င်းတို့လက် အောက်ခံတပ်ရင်း တပ်ဖွဲ့များသည် မလိုလားအပ်သော စစ်ယူနီဖောင်းများဖြင့် တပ်ပြင်ပ လှုပ်ရှားသွား လာခြင်းမပြု ကြရန် သတိပေးအဆင့်ဖြင့် ညွှန်ကြားထားကြောင်း မွန်ပြည်သစ်ပါတီ ပြည်ပရေးရာ ဆက်ဆံရေး တာဝန်ခံ နိုင်အေးမွန်က မဇ္ဈိမ ကို ပြောသည်

ယင်းသို့ ယူနီဖောင်းများဖြင့် သွားလာခြင်းမပြုရန် မွန်ပြည်သစ်ပါတီက ဗဟိုကလည်း စက်တင်ဘာ ၂၉ရက်တွင် သတိပေးညွှန်ကြားချက် ပို့ထားသည်ဟု နိုင်အေးမွန်က ပြောသည်။

ယင်းကဲ့သို့ DKBA အဖွဲ့နှင့် တပ်မတော် တပ်ဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခကြားတွင် မိမိတို့ တပ်ရင်းတပ်ဖွဲ့တို့အား အထင်မှား အမြင်မှားမှု ဖြစ်ပေါ်လာမည်ကိုကြိုတင် ကာကွယ်ရန်ဖြစ်သည်ဟု မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အမှတ် (၅) တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွန်က ပြောသည်။

၎င်းက “သတိပေးညွှန်ကြားတယ် ဆိုတာကလည်း အဲလိုနယ်မြေချင်း ဆက်စပ်နေတော့ သွားလာနေကြရာမှာ စစ်ဝတ်စုံ ယူနီဖောင်းနဲ့ဆိုရင် DKBA ဘက်က ကျွန်တော်တို့အဖွဲ့ကို တပ်မတော်တပ်ဖွဲ့လား၊ တစ်ဖက် တပ်မတော်ဘက်ကလည်း DKBA အဖွဲ့ဆိုလား မှားယွင်းမြင်မိပြီး မတော်တဆ ပစ်ခတ်မှုတွေဖြစ်မှာ ကြောက်လို့ ညွှန်ကြားခြင်းဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

တပ်မတော်နှင့် DKBA တပ်များသည် စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၂၉ ရက်တွင်လည်း ကရင်ပြည်နယ်အတွင်း ထိတွေ့မှုများ ရှိခဲ့သေးသည်။

DKBA အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ် မြို့နယ်၊ ဘီးလင်း မြို့နယ်၊ ရေး မြောက်ပိုင်းဒေသ၊ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ့မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်များတွင် နှစ်ဖက် ထိန်းချုပ်နယ်မြေများ နီးစပ်သည်။

No comments: