Monday, October 27, 2014

“ယခုနှစ်တွင် အင်းလေးကန်ရေ ခန်းခြောက်မှု အဆိုးဆုံး ဖြစ်နိုင်ခြေရှိ”

ဂျွန်ချစ်ငြိမ်

အင်းလေးကန်အတွင်း ၂၀၁၀ ပြည့်နှစ်အတွင်း ကြုံကြိုက်ဖူးသည်ထက် ပို၍ ရေခမ်းခြောက်နိုင်သည့် အခြေအနေတို့ ကြုံတွေ့နေရသည် ဟု အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် လေ့လာစောင့်ကြည့်ရေး ဆောင်ရွက်နေသည့် စိမ်းလှနန္ဒာအသင်းဥက္ကဌ ဦးသာဒိုး ကမဇ္ဈိမကို ပြော သည်။

“နှစ်ပေါင်း ၆၀ လောက်ဖြတ်သန်းလာတဲ့ ပညာရှင် အတွေ့အကြုံတွေအရ သီတင်းကျွတ်အပြီး ရှိသင့်တဲ့ရေအမှတ် ရှိနေရမှာ၊ အခုအဲ့ဒီရေ မှတ်ကို ရောက်မလာ ဘူး ၊ ၃ပေလောက် အထိလျော့နေတယ်။ မိုးဘယ်လောက်ကောင်းကောင်းး ထူးခြားနေတဲ့ အဖြစ်ပါပဲ” ဟု ၄င်းက ပြောသည်။

အင်းလေးကန် ၏ ရေကျဆင်းနှုန်းသည် တစ်လလျှင် တစ်ပေ နှုန်းရှိနေပြီး လေးလ ကြာလျှင် လေးပေလျော့နည်း သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅ခုနှစ်တွင် လွန်စွာဆိုးရွား သော အခြေအနေသို့ ရောက်နိုင်သည်ဟု ကန်လေ့လာစောင့်ကြည့်ရေး တာဝန်ရှိသူ ၄င်းက ဆိုသည်။

ယင်းသို့ ဖြစ်ပွားနေမှုအား ကာကွယ်နိုင်ရန် အတွက် အင်းပေါခုံကျေးရွာ အနီးတွင် ယာယီ ရေထိန်းဘောင် လုပ်ပေးရန် လိုအပ်နေပြီး ဆည်မြောင်းဦးစီးဌာနကို အသိပေး ထားကာ အရပ်ဖက်အဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဦးသာဒိုးက ပြောသည်။

“အင်းလေးကန် ခမ်းခြောက်လာတာ တခြားအကြောင်းအချက်တွေလည်း အများကြီးပါ၊ ကန်ထဲကို အမှိုက်တွေ၊ ပိုးသတ်ဆေးဘူးခွံတွေ၊ ပလတ်စတစ်တွေ စွန့် ပစ်နေကြပါတယ်။ အမှိုက်တစ်ခု ရှင်းသွားတာနဲ့ အင်းလေးကန် အတွက် အများကြီး အထောက်အကူပြု နိုင်ပါတယ်” ဟု ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အင်းလေးကန်သည် ရှမ်းပြညနယ်တောင်ပိုင်း ညောင်ရွှေ မြို့နယ်တွင် တည်ရှိပြီး ကုန်းမြင့်ရေကန်ဖြစ်ကာ ကန်အတွင်း၌ ကျေးရွာပေါင်း ၄၀၀ ကျော် ရှိသည်။

မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးရေကန်ဖြစ်ပြီး ဆောင်းခိုငှက်တို့ နားခိုရာနေရာတစ်ခုလည်းဖြစ်သည် ။ အင်းလေးကန်သည် ကုလသမဂ္ဂပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့အမွေအနှစ် လျာ ထားစာရင်းတွင်လည်း ပါဝင်နေသည်။

No comments: