Saturday, October 18, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်ရန် ကနဦးစမ်းသပ်နေ

လပြည့်ဝန်း

ရန်ကုန်-မန္တလေး အမြန်လမ်းအဆင့် မြှင့်တင်ရေးအတွက် ပြည်ပကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ကနဦးစမ်း သပ်မှုများကို သုံးကြိမ်မြောက် လုပ်ဆောင်နေကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမ ကို ပြောသည်။

အောက်တိုဘာ လဆန်းမှစ၍ လာရောက် စမ်းသပ်နေခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှု ပမာဏ အရမ်းကြီးတဲ့အတွက် လုပ်ငန်းလုပ်ဖို့ဖြစ်နိုင် မဖြစ်နိုင်လာလေ့လာတဲ့ သဘောပေါ့ Data (အချက်အလက်)လာစုတဲ့ အနေအထားပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ဂျပန်နှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများသည် သုတေသနပြုပြီးပါက ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အဆိုပြု လွှာ တင်သွင်းရမည်ဖြစ်ပြီး ယင်းကို ဝန်ကြီးဌာနက စိစစ်ပြီး သင့်လျော်သည့်ကုမ္ပဏီကို ရွေးချယ်တင်ဒါ ခေါ်သွားမည်ဖြစ်သည်။

ကနဦးစမ်းသပ်မှုများ ပြုလုပ်နေသည့် ပြည်ပကုမ္ပဏီ အရေအတွက်နှင့် နာမည်များကိုမူ မရွေးချယ်ရသေး၍ ပြောကြားနိုင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

“အမြန်လမ်း အဆင့်မြှင့်မယ်ဆိုတာက လမ်းချဲ့ဖို့ တစ်ခုတည်းလုပ်မှာ မဟုတ်ပါဘူး။ သတ်မှတ်တဲ့လမ်း အင်္ဂါ ရပ်အတိုင်း လုံခြုံမှုရှိဖို့ နိုင်ငံတကာမှာရှိတဲ့ အဝေးပြေး လမ်းတွေအတိုင်း ပြုလုပ်သွားမှာပါ။ လမ်းစ လုပ်တာနဲ့ အားလုံးကို ပွင့်ပွင့်လင်းလင်း ကြေညာပြီးမှ ပြုလုပ်သွားမှာပါ” ဟု ဦးကြည်ဇော်မြင့် က ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နေ့စဉ်ဖြတ်သန်းသည့် ယာဉ်အရေ အတွက်မှာ တစ်သောင်းခန့် ရှိပြီး တစ်လလျှင် မော်တော်ယာဉ် ၃၀၀,၀၀၀ ကျော် အသုံးပြုလျက်ရှိသည်။

No comments: