စည်သူမောင်မောင်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဘောကြိုးတောင်ကြော၊ ကျွဲချောင်းအောက်၊ ဂတုံစမ်းဝတွင် တောဆင်ရိုင်းများကို ပစ်ခတ်ဖမ်းဆီးသည့် အဖွဲ့ဝင် ၇ ဦးကို တပ်မတော် စစ်ကြောင်းက အောက်တိုဘာ ၅ ရက်က ဖမ်းဆီးခဲ့သည်ဟု ဧရာဝတီတိုင်း၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အမှတ် (၃၈) ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူးဦးဆောင်သော စစ်ကြောင်း (၁) မှ စစ်ကြောင်းထွက်စဉ် တောဆင်ရိုင်းများ သတ်ဖြတ်နေသည့် အဖွဲ့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၇ ဦးအား ဖမ်းဆီးစဉ် လုံးပတ် ၁ လက်မခန့်၊ အလျား ၉ လက်မခန့်ရှိ ဆင်စွယ် ၃ ချောင်း၊ လုံးပတ် ၁ လက်မခန့် အလျား ၆ လက်မ ခန့်ရှိ ဆင်စွယ် ၁ ချောင်း၊ ဆင်သားရေခြောက်များ ထည့်ထားသော အလေးချိန် ပိဿာ ၆၀ ခန့်ရှိ ပီနံအိတ် ၇ လုံး၊ ချိန်ခွင် ၁ ခု၊ အရိုးအသွား ၁၉ လက်မ ခန့်ရှိ ဆင်ဦးစီးဓား ၁ ချောင်း၊ ဒူးလေး ၂ လက်၊ မြားတံ ၁၉ ချောင်း၊ သံဘောစေ့အကြီး ၆ လုံး၊ အသေး ၃၀ လုံး ပါအဝင် ဖုန်း၊ အဝတ်အစားအိတ်များကို ဖမ်းမိခဲ့ပြီး ငပုတောမြို့မ ရဲစခန်းသို့ ပို့ဆောင်ထားသည်။
ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိပြီး တောဆင်ရိုင်းများမှာ ပုသိမ်၊ သာပေါင်းနှင့် ငပုတောမြို့ နယ်များတွင် နေထိုင် ကျက်စားလျက်ရှိသည်။ တောဆင်ရိုင်းများအား ယခင်က အစွယ်ရယူရန် သတ်ဖြတ်ခြင်းဖြစ်ပြီး၊ ယခုတွင် ဆင်အရေခွံများနှင့် အသားများပါ ထုတ်ယူခြင်းများပြုလျက်ရှိပြီး တောတွင်း သစ်ဝါးခုတ်သွားသည့် ဒေသခံများကိုလည်း ဆင်ပစ်အဖွဲ့များက အန္တရာယ်ပြုခြင်း ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်းအတွင်း ရိုးမနှင့် ထိစပ်လျက်ရှိသော ပုသိမ်ခရိုင် သစ်တောကြိုးဝိုင်းအတွင်း အာရှဆင်ရိုင်းကောင်ရေ ၁၅၀ခန့်သာ ရှိတော့ပြီး တောဆင်များ နေစရာ၊ စားစရာ အပင်ကြီးများ မရှိတော့ခြင်း၊ ဆင်းများကို ပစ်ခတ် သတ်ဖျက်မှုများကြောင့် အာရှဆင်များမျိုးတုန်းပျောက်ကွယ်လု ဖြစ်နေပြီဟု ပုသိမ်ခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။
No comments:
Post a Comment