Saturday, October 25, 2014

ပျောက်ဆုံး တောင်တက်သမား နှစ်ဦးအတွက် ဂုဏ်ပြုပွဲ ရန်ကုန်တွင် လုပ်မည်

ခင်မြတ်မြတ်ဝေ

ခါကာဘိုရာဇီ တောင်တက်ရင်း ပျောက်ဆုံးသွားသည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ကို ဂုဏ်ပြုသည့် အခမ်းအနားကို နိုဝင်ဘာ ၂ ရက်တွင် သဘာဝ ခေါ်သံဖောင်ဒေးရှင်းက ဦးစီး၍ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပသွားမည်ဖြစ်သည်။

"တောင်တက် အဖွဲ့တွေကိုလည်း ဂုဏ်ပြုမယ်။ ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကိုရော ရှာဖွေးပေးတဲ့ သူတွေကိုပါ ဂုဏ်ပြုမှာပါ" ဟု သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခံရသည့် အမြင့်ပေ ၁၉,၂၉၅ ပေရှိ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ် ၃၀ ရက်က တက်ရောက်အောင်မြင်ခဲ့သူ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် သြဂုတ်လ ၃၁ရက်မှ စ၍ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး မြေပြင် ဝေဟင်အဖွဲ့များဖြင့် ရှာဖွေခဲ့သော်လည်း ယနေ့တိုင် မတွေ့ရှိသေးပေ။ ၎င်းတို့နှစ်ဦးအား ဝေဟင်မှ ရှာဖွေသည့် အစီအစဉ်ကို အောက်တိုဘာ ၁၂ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းတို့အား ရှာဖွေသည့် အဖွဲ့အား ရိက္ခာပို့ဆောင်သည့် B4 ရဟတ်ယာဉ်ပျောက်ဆုံးခဲ့ပြီး ယင်းလေယာဉ်ပေါ်တွင် ပါသည့် မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာ အောက်တိုဘာ ၉ ရက်တွင် အသက်ဆုံးရှုံးခဲ့သည်။

No comments: