Sunday, October 5, 2014

မောင်တောမှ သတင်းထောက်တစ်ဦးနေအိမ် ဖောက်ထွင်းခံရ

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှ သတင်းထောက်တစ်ဦး၏ နေအိမ်ဖောက်ထွင်းခံရ၍ သိန်းရာနှင့်ချီပြီး လက်ဝတ်ရတနာများ အခိုးခံခဲ့ရသည်ဟု သိရသည်။

မာင်တောမြို့၊ မြို့မရပ်ကွက်၊ မြို့ဦးရွာနေ ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်၏နယ်သတင်း ထောက်တစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်း (ခေါ်) မောင်ကံ၏ နေအိမ်အား အောက်တိုဘာ ၁ ရက်နေ့ ညဉ့်က ဖောက်ထွင်းသွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့ဖောက်ထွင်းခံခဲ့ရသည့်အတွက် ငွေစက္ကူအချို့အပါအဝင် ၆ ပဲ ကွက်စုံလက်ကောက် ၁၈ ကွင်း၊ ၂ ကျပ်သား ဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား ဆွဲကြိုး ၁ ကုံး၊ ၄ ပဲရွှေ ကျောက်ဖြူဆွဲခွက် ၁ ခု၊ ၂ ကျပ်သား အချော လက်ကောက် ၁ ကွင်း၊ ၂ ပဲ ကျောက်လက်စွပ် ၁ ကွင်း၊၂ ပဲ ကျောက်လက်စွပ် ၁ကွင်း၊ ၂ ပဲ အချော လက်စွပ် ၁ ကွင်း၊ ၁ဝ ပဲ အချောလက်စွပ် ၁ဝ ကွင်း၊ ၁ ပဲ အချောလက်စွပ် ၇ ကွင်း၊ ၈ ပဲ ကျောက်စီ လက်စွပ် ၁ ကွင်းတို့အပြင် SAMSUNG တံဆိပ် ကင်မရာအဖြူ ၁ လုံးနှင့် HAUWAI တံဆိပ် ဖုန်းအမဲ ရောင် ၁ လုံးတို့ ခိုးယူခံခဲ့ရပြီး စုစုပေါင်း ကျပ်သိန်းတစ်ရာကျော်ဖိုးဆုံးရှုံးသွားကြောင်း ခိုးယူခံခဲ့ရသည့် ကာယကံရှင်မိသားစုက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

“ငွေရော၊ ပစ္စည်းအထုပ်ကိုရော ခေါင်းရင်းမှာထားပြီး အိပ်တာ။ မနက်မှ အခိုးခံရတာသိတယ်” ဟု ဦးကိုလတ်ထွန်းက ဆိုသည်။

ယခုကိစ္စကို မောင်တောမြို့မရဲစခန်းက (ပ) ၁၂၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို စုံစမ်းနေကြောင်း မောင်တောမြို့မရဲစန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

No comments: