Saturday, October 25, 2014

စပါးဈေးမကျဆင်းရန် သိုလှောင်ရုံအာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးများဝယ်ယူပေးမည်

သီဟကိုကို

ဆန်စပါးပေါ်ချိန်တွင် စပါးဈေးကျဆင်း နိုင်သည့်အခြေအနေကို ကြိုတင်ကာကွယ်နိုင်ရန် သိုလှောင်ရုံအာ မခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

စပါးပေါ်ချိန်၌ ဈေးကျဆင်းပြီး တောင်သူများ ၀င်ငွေမထိခိုက်စေရန် ဆန်စပါးအထူးပြု ကုမ္ပဏီများနှင့် ဆန် စက်ကုန်သည်များက ထိုက်သင့်သည့်ဈေးဖြင့် တောင်သူများဆီမှ စပါးဝယ်ယူနိုင်ရေးအတွက် အောက်တိုဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၌ ဆွေးနွေးကြခဲ့ခြင်း ဖြစ်သည်။

တောင်သူများကို ထိုက်သင့်သည့်ဈေးနှုန်း ပေးနိုင်ရန် စပါးဝယ်ယူရေး၌ ဘဏ်ချေးငွေ လိုအပ်ပါက သိုလှောင်ရုံတွင် စပါးကို အာမခံထားသည့် အပေါင်ခံစနစ်ဖြင့် မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ် နှင့် သမ၀ါယမဘဏ်တို့မှ ဘဏ်ချေးငွေများရယူ နိုင်ရန် ဆန်စပါးအသင်းချုပ်မှ စီစဉ်ဆောင် ရွက်ပေးမည် ဖြစ်သည်။

ဦးရဲမင်းအောင်က “စပါးပေါ်ချိန်မှာ ၀ယ်လိုအားထက် ရောင်းလိုအားက ပိုများနေတယ်။ တောင်သူဘက် ကရော စားသုံးသူဘက်ကပါ သင့်တင့်တဲ့နှုန်းထားဖြစ်ရမယ်ပေါ့။ စက်ပိုင်တွေအနေနဲ့ ထိုက်သင့်တဲ့နှုန်း နဲ့ တောင်သူဆီက များများဝယ်ယူပေးနိုင်ဖို့က ငွေကြေးလိုတယ်။ အဲဒါကြောင့် ဘဏ်တွေကနေ ငွေချေးယူ ပြီး ဝယ်နိုင်အောင် စီစဉ်ပေးသွားမယ်” ဟု ပြောသည်။

မကြာမီတွင် မိုးစပါး ဧက ၁၆ သန်းမှ စပါးများရှိလာမည်ဖြစ်ရာ စပါးဈေးကျဆင်း ခြင်းမဖြစ်စေရန် ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဆန်စက်အပါအ၀င် ဆန်စပါးအသင်းဝင်များမှ မိုးစပါးများကို တတ်နိုင်သမျှ ၀ယ်ယူပေး မည်ဟု ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း က ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်တွင် ဧည့်မထစပါးတင်း ၁၀၀ ပေါက်ဈေးမှာ အနည်းဆုံး ကျပ်လေးသိန်း ရှိ သော်လည်း လက်ရှိအချိန်တွင် စပါးဈေးမှ ကျပ် ၃၃၀,၀၀၀ မှ ၃၅၀,၀၀၀ ဝန်းကျင်သာရှိရာ ကျပ်သုံးသိန်းအောက် မကျဆင်းစေရေးအတွက် စက်ပိုင်များက ဘဏ်ချေးငွေရယူကာ တောင်သူများ ဆီမှ ထိုက်သင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

No comments: