Sunday, October 5, 2014

မြန်မာရဲ့ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုအပေါ် ကုလစိုးရိမ်

ABC

ကုလသမဂ္ဂက ​ထုတ်ပြန်တဲ့ ​အစီရင်ခံစာအရ ​မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​လူမျိုးရေး ​ဘာသာရေး ​တင်းမာမှုတွေအပေါ် ​အရမ်းကို ​စိုးရိမ်မကင်းဖြစ်နေတဲ့အကြောင်း ​ပါရှိပါတယ်။

ရခိုင်ပြည်နယ်က ​အခြေအနေကို ​ပိုမိုစိုးရိမ်မိကြောင်းလည်း ​အထွေထွေအတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ပြောဆိုထားပြီး ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာအကြား ​ကွဲပြားမှုတွေ ​တဖြေးဖြေး ​ကြီးမားလာတယ်လို့ ​ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ​အထွေထွေညီလာခံကို ​ပေးပို့တဲ့ ​ဘန်ကီမွန်းရဲ့ ​အစီရင်ခံစာထဲမှာ ​အရင်ကတည်းက ​ကိန်းအောင်းနေပြီးသား ​လူမျိုးရေး၊ ​ဘာသာရေး ​တင်းမာမှုတွေက ​နိုင်ငံတဝှမ်းမှာ ​ပြန်လည်ပေါ်ထွက်လာနေပြီး ​အဲဒီကနေတဆင့် ​အကြမ်းဖက်မှုတွေ ​ဖြစ်ပေါ်ခဲ့ပြီးတော့ ​သေဆုံးမှုတွေ၊ ​ထွက်ပြေးတိမ်းရှောင်မှုတွေနဲ့ ​လူနေအိမ်ပျက်စီးမှုတွေ ​ဖြစ်ခဲ့ရတယ်လို့ ​ဖော်ပြထားပါတယ်။ ​အဲဒီအတွက်ကြောင့် ​ကုလသမဂ္ဂရဲ့ ​ဖြေရှင်းချက်ကို ​ထုတ်ပြန်နိုင်ဖို့ ​မျှော်လင့်ကြောင်းလည်း ​ပါရှိပါတယ်။

ဘန်ကီမွန်းရဲ့ ​အစီရင်ခံစာနဲ့ ​ပတ်သက်ပြီး ​ဒီလာမယ့် ​သတင်းပတ်တွေအတွင်း ​ကုလသမဂ္ဂမှာ ​ဆွေးနွေးဖို့ ​ရှိပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ​အီရန်၊ ​မြောက်ကိုရီးယားနဲ့ ​ဆီးရီးယားနိုင်ငံနဲ့ ​ပတ်သက်ပြီးတော့လည်း ​ရေးထားပါတယ်။

လူမျိုးရေး၊ ​ဘာသာရေး ​တင်းမာမှုတွေကို ​ကိုင်တွယ်ဖို့ ​မြန်မာအစိုးရကို ​ဖိအားပေးပေမယ့်လည်း ​ဒေသခံ ​အစိုးရက ​ပြတ်သားခိုင်မာစွာ ​လုပ်ဆောင်တာမျိုး ​မရှိဘူးလို့လည်း ​မြန်မာအစိုးရကို ​ဝေဖန်လိုက်ပါတယ်။

ဒါပေမဲ့ ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​ခြေလှမ်းတွေ၊ ​စီးပွားရေး ​ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ​အမျိုးသားရေး ​ရင်ကြားစေ့ရေးလုပ်ငန်းတွေမှာတော့ ​မြန်မာအစိုးရကို ​ဘန်ကီမွန်းက ​ချိုးကျူးလိုက်ပါတယ်။

ကုလသမဂ္ဂ ​အစီရင်ခံစာနဲ့ ​ဆွေးနွေးချက်တွေမှာ ​မြန်မာနိုင်ငံ ​မပါဝင်အောင် ​မြန်မာအစိုးရက ​ကြိုးစားနေပေမယ့် ​နှစ်စဉ်နှစ်တိုင်းလိုလိုပဲ ​ဆွေးနွေးစရာနိုင်ငံအဖြစ် ​ပါဝင်နေတာလည်း ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူ့အခွင့်အရေးကိစ္စတွေကို ​အစိုးရက ​ဖြေရှင်းနေတဲ့အတွက် ​ဆွေးနွေးရမယ့်နိုင်ငံစာရင်းထဲမှာ ​မြန်မာနိုင်ငံကို ​ထည့်မထားသင့်တော့ဘူးလို့လည်း ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်က ​ပြီးခဲ့တဲ့ ​တပါတ်တုန်းက ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံမှာ ​ပြောသွားခဲ့ပါတယ်။ ​ဒါပေမဲ့ ​အနောက်တိုင်းနိုင်ငံ ​အစိုးရတွေနဲ့ ​မွတ်စလင်နိုင်ငံ ​၅၀ ​က ​ခေါင်းဆောင်တွေကတော့ ​မြန်မာနိုင်ငံကို ​ဆွေးနွေးစရာ ​စောင့်ကြည့်စရာ ​နိုင်ငံစာရင်းထဲ ​ထည့်သွင်းထားဆဲ ​ဖြစ်ပါတယ်။

No comments: