ရေခဲ (ပြည်)
ပဲခူးတိုင်း၊ ပေါင်းတည်ထောင်အတွင်း အကျဉ်းကျနေသည့် သဲကုန်းမြို့နယ်မှ လယ်သမား ဒေါ်ညိုအား အကျဉ်းထောင် ပြင်ပဆေးရုံတွင် ကုသခွင့်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂကျောင်းသားများနှင့် လယ်သမားစုစုပေါင်း အင်အား ၇၀ ကျော်က သဲကုန်း တရားရုံးရှေ့တွင် အောက်တိုဘာ ၂၁ ရက်က ဆန္ဒပြခဲ့သည်။
“တရားရုံးရှေ့မှာ ကျောင်းသားတွေ သီချင်းတွေဆိုပြီး ဆန္ဒပြနေတယ်။ ဒေါ်ညိုကို ပြင်ပဆေးခန်းမှာ ဆေးကုသခွင့်တောင်းဆိုတယ်။ ဒါမှမရရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပေါင်းတည်ထောင်ရှေ့မှာ သွားဆန္ဒပြမယ်လို့ပြောတယ်” ဟု သဲကုန်းတရားရုံးတွင် ရှိနေသည့် လယ်သမားများ၏ အမှုလိုက်ရှေ့နေ ဦးမြင့်အေးက မဇ္ဈိမကို ပြောသည်။
ထိုနေ့နံနက် ၁၀နာရီအချိန်က ဗကသကျောင်းသားများနှင့် လယ်သမားများသည် သဲကုန်းတရားရုံးရှေ့ လမ်းမပေါ်တွင် သိမ်းဆည်း လယ်ယာမြေပြန်လည်ရရှိရေး၊ လယ်သမားများကို ဆွဲဆိုထားသည့် အမှုများရုပ်သိမ်းပေးရေး၊ လယ်သမားဒေါ်ညိုကို ပြင်ပဆေးရုံတွင် ဆေးကုသခွင့်ပေးရေး တို့အတွက် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။
ဒေါ်ညို၏ ဝေဒနာကို ပေါင်းတည်အကျဉ်းထောင် ဆေးမှူးကလည်း ထောက်ခံပေးထားပြီး သဲကုန်းတရားရုံးသို့ အောက်တိုဘာ ၁၄ရက်က တင်ပြကာ အောက်တိုဘာ ၂၁ ရက်တွင် မည်သို့ကုသရမည်ကို ဆုံးဖြတ်ပေးမည်ဟု လယ်သမားများ၏ အမှုလိုက်ရှေ့နေ ဦးမြင့်အေးက ပြောသည်။
အသက် ၃၈ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သည့် လယ်သမားဒေါ်ညိုသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က ရင်သွေးမရရန် ပဋိသန္ဒေတားပစ္စည်းကို အဂါင်္စပ်အတွင်း ထည့်သွင်းခဲ့ပြီး ယင်းပစ္စည်းကို ယခုချိန်ထိ မထုတ်ရသေးသဖြင့် အသားထဲ နစ်မြုတ်ကာ သွေးလွန်ခြင်းဝေဒနာနှင့် အဂါင်္စပ်နာကျင်ခြင်း ဝေဒနာများ ခံစားနေရခြင်းဖြစ်သည်။
ဒေါ်ညိုအား သဲကုန်းမြို့ပေါ်တွင် လယ်ယာမြေရရှိရေး ဆန္ဒပြ ဆုတောင်းသည့်အတွက် ပုဒ်မ ၅၀၅ (ခ) ဖြင့် မတ်လ ၁၄ ရက်က ဖမ်းဆီးကာ ပေါင်းတည်ထောင်တွင် အကျဉ်းချထားခြင်းဖြစ်သည်။
လယ်ယာမြေများပြန်လည် ရရှိရေးအတွက် ဆန္ဒပြပွဲတောင်းဆိုခြင်း၊ သပိတ်စခန်းဖွင့်လှစ်ခြင်း၊ ထွန်တုံးတိုက်ပွဲပြုလုပ်ခြင်း၊ ကျန်စာတိုက်ပွဲပြုလုပ်ခြင်း၊ မေတ္တာပို့ဆုတောင်းခြင်း များပြုလုပ်ခဲ့ရာ ပုဒ်မ (၁၈) ဖြင့် ၃ ဦး၊ ပုဒ်မ ၅၀၅(ခ) ဖြင့် ၉ ဦး၊ ပုဒ်မ ၄၄၇ ဖြင့် ၁၂ ဦး တရားဆွဲခံခဲ့ရသည်။
ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားဆွဲဆိုခံရသူများဖြစ်သည့် ကိုမောင်ဝင်း၊ ကိုပေါက်စ၊ ဒေါ်ညိုတို့မှာ ပေါင်းတည်ထောင်တွင် အကျဉ်းကျခံနေရပြီး ကိုကောင်းထက်ကျော်၊ မခင်မာအေး၊ ကိုသန့်ဇင်ထက်၊ ကိုကျော်သူအောင်တို့မှာ တရာခံပြေးအဖြစ် ကြေငြာခံထားရသည်။
No comments:
Post a Comment