Thursday, October 16, 2014

ဖြူနှင်းထွေး လွတ်ပြီ

ကိုတိုးကြီး၊ မင်းမင်း

လက်ပံတောင်းတောင်စီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် အကျဉ်းသူ ဘဝဖြင့် အမှုစစ်ဆေးခံနေရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ)အဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို အောက်တိုဘာ ၁၅ ရက်တွင် ယင်းမာပင်ခရိုင်တရားရုံးက တရားရှင်လွှတ်ပေးလိုက်ပြီဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီတူးဖော်ထုတ်လုပ်ရေး မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက် တာဝန်ခံမန်နေဂျာ ဦးလှစိန်ဆိုသူက အမှုဖွင့် ထားခြင်းဖြစ်ပြီး စွဲချက်မတင်မီ အမှုကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

"တရားလိုဦးလှစိန်က အမှုကိုရုတ်သိမ်းလိုက်ပြီးတော့မှ လွတ်လိုက်တာပေါ့။ နှစ်နာရီခွဲလောက်မှာပါ။ တရားလိုဘက်က ဆုံးဖြတ်ချက်ပေါ့။ တရားလိုဘက်က ဒီအမှုကိုဆက်ပြီးတော့ စစ်မယ်ဆို အကျိုးမရှိဘူး။ အဲ့သဘောပေါ့"ဟု မဖြူနှင်းထွေး၏ အကိုဖြစ်သူ ကိုဖြိုးက မဇ္ဈိမကို ပြောသည်။

ယင်းမတိုင်မီ နှစ်ရက်အလိုအထိ မန္တလေးအဝေးသင်တက္ကသိုလ် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေး၏ အာမခံလျှောက်ထားမှုကို ယင်းမာပင် တရားရုံးက ပယ်ချထားသည်။

“သမီးလွတ်မြောက်ဖို့အတွက်နဲ့ သမီးအတွက် စိတ်ပူပင်ပေးကြတဲ့ ပြည်သူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု တရားရုံးမှ ပြန်အထွက်တွင် ၎င်းက ပြောသည်။

၎င်းကို လွှတ်ပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တို့က ယင်းမာပင် ခရိုင်တရားရုံးနှင့် ယင်းဒေသအတွင်းရှိ လက်ပံတောင်းကြေးနီစီမံကိန်းရုံးချုပ် ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ မဖြူနှင်းထွေးကို မေ ၁၈ ရက် ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းကျေးရွာဟောင်းအတွင်း ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး ထိန်းသိမ်း ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ အမှုရင်ဆိုင်ရခြင်းဖြစ်သည်။

၎င်းကို စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့၊ ပုသိမ်ကြီး အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၄/၃၆၈ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်

No comments: