Saturday, October 18, 2014

နိုင်ငံသားမဟုတ်သည့် ပါတီဝင်များ စိစစ်ရန် နောက်ဆုံးရက် သတ်မှတ်

ဟိန်းကိုစိုး

ဒုတိယအကြိမ်မြောက် ပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံသားမဟုတ်သည့် ပါတီဝင်များကို စိစစ်ထုတ်ပယ်ခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၉ ရက် အပြီးသတ် ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်သည်။

"ရှိရင် ပြင်မယ် မရှိရင် မရှိဘူးဆိုတာကို ပြန်တင်ပြပါလိမ့်မယ်။ ကော်မရှင်က စစ်ဆေးတာလုပ်မှာမဟုတ်ဘူး၊ သူတို့ပြင်ခိုင်းခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးလို့ တိုင်ကြားလာရင် ကော်မရှင်က စစ်မယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ပြောသည်။

ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စက်တင်ဘာ ၃၀ရက်တွင် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပြီး ဖြစ်သည်။

ယခင်က နိုင်ငံသား၊ ဥပဒေအရ နိုင်ငံသား ပြုခွင့်ရသူ၊ ယာယီနိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူများနှင့် ဧည့်နိုင်ငံသားများ ပါတီတည်ထောင်ခွင့်၊ ပါတီဝင်ခွင့် ပြုထားသော်လည်း ပြန်ပြင်လိုက်သည့် ဥပဒေအရ နိုင်ငံသား၊ ဥပဒေအရ နိုင်ငံသားပြုခွင့်ရသူ တို့ကိုသာ ခွင့်ပြုတော့မည်ဖြစ်သည်။

"ကျွန်တော်တို့ ပါတီက ပြန်ပြင်စရာမလိုပါဘူး၊ ဥပဒေနဲ့ အညီပါပဲ" ဟု အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးမာမောက်ဆော်လိမ် က မဇ္ဈိမကိုပြောသည်။

ကော်မရှင်ကမူ ယာယီနိုင်ငံသားကဒ်ပြားကိုင်ဆောင်သူများနှင့် ဧည့်နိုင်ငံသားများတည်ထောင်ထားသော ပါဝင်သော ပါတီများရှိနိုင်သည်ဟု မဇ္ဈိမကို ပြောသော်လည်း အတိအကျကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးဟု ပြောသည်။

"ရန်ကုန်မှာ အခြေစိုက်တဲ့ပါတီတွေက များတယ်ဆိုပေမယ့် ဘယ်ပါတီကတော့ အခုဥပဒေနဲ့ဆို မညီဘူး ဆိုတာကို စာရင်းပြုစုတာတော့မရှိဘူး"ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကောင်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြန်လည်ပြင်ဆင်သည့် ဥပဒေနှင့် အညီဖြစ်စေရေး စိစစ်မှုများ၊ နည်းဥပဒေခြင်းတို့ လုပ်ဆောင်နေသည်ဟု ကော်မရှင်၏ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဦးသောင်းလှိုင်က ဆိုသည်။

လက်ရှိအချိန်အထိ ကော်မရှင်က တရားဝင်မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၆၇ ပါတီ ရှိသည်။

No comments: