Tuesday, October 21, 2014

ကိုရီးယားပီဇာဆိုင် မြန်မာနိုင်ငံတွင် ဆိုင်ခွဲများဖွင့်ရန် စီစဉ်

နိုင်နိုင်ဇော်

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Mr. Pizza လုပ်ငန်းနှင့် မြန်မာလုပ်ငန်း Inno ကုမ္ပဏီတို့ ပူးပေါင်း၍မြန်မာနိုင်ငံအတွင်း Mr. Pizza ပီဇာဆိုင်ခွဲများ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း အဆိုပါကုမ္ပဏီမှ ထုတ်ပြန်သည်။

Mr. Pizza ၏ပထမဆုံးဆိုင်ခွဲအဖြစ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း လှည်းတန်းစင်တာ ပထမထပ်၌ ဖွင့် လှစ်ရန်ရှိနေကြောင်း Inno ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်ဝင်း က ပြောသည်။

၎င်းက “Mr. Pizza ရဲ့ပထမဆုံးဆိုင်ခွဲကို ၂၀၁၅ အစမှာ လှည်းတန်းစင်တာမှာ ဖွင့်လှစ်မှာပါ။ သူက ကမ္ဘာမှာ ဆိုင်ခွဲပေါင်း ၄၀၀ ကျော်လောက် ဖွင့်ထားပေမယ့် မြန်မာနိုင်ငံအတွက်တော့ အခုမှ ၀င်လာတယ်လို့ ပြောလို့ရတယ်” ဟု ဆိုသည်။

အခြားနေရာကောင်းများ ထပ်မံရရှိပါက Mr. Pizza ဆိုင်ခွဲများကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်း ဆိုင်ခွဲပေါင်း ၃၀ ကျော် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်းလည်း ယင်းကုမ္ပဏီက ဆိုသည်။ Mr. Pizza ဆိုင်မှ အသီးအရွက်နှင့် အသားကို ပြည်တွင်းမှ ရယူသွားမည်ဖြစ်သော်လည်း ဂျုံမှုန့်ကို တောင်ကိုရီးယား နိုင်ငံမှ တင်သွင်းသွားမည်ဖြစ်သည်။

Mr. Pizza သည် မြန်မာနိုင်ငံဈေးကွက် အတွင်း ဆိုင်ခွဲဖွင့်လှစ်ရန် စိတ်ဝင်စားမှုများ ရှိခဲ့သော်လည်း သင့်လျော်သောနေရာ ရှာဖွေနေရခြင်းကြောင့် ယခုနှစ်ကုန်ပိုင်းမှသာ စတင်လုပ်ကိုင်နိုင်ခြင်းဖြစ်ကြောင်း လည်း ၎င်းက ထပ်မံပြောဆိုသည်။

နိုင်ငံတကာ Brand တစ်ခုဖြစ်သော်လည်း ပြည်တွင်းဈေးကွက်တွင် သင့်လျော်သောနှုန်းထားဖြင့် စားသုံးနိုင်ရန် စီစဉ်ထားကြောင်း ယင်းကုမ္ပဏီက ပြောသည်။

Mr. Pizza သည်အမေရိကန်၊ တရုတ် နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆိုင်ခွဲများဖွင့် လှစ်ထားပြီး မြန်မာနိုင်ငံသို့ ဈေးကွက် တိုးချဲ့ခြင်းဖြစ်သည်ဟု Inno ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် တောင်ကိုရီးယား အခြေစိုက် Lotteria၊ BBQ Chicken၊ စင်ကာပူအခြေစိုက်Ya Kun၊ မလေးရှားအခြေစိုက်Marrybrown ကဲ့သို့ စားသောက်ဆိုင်များ ဈေးကွက်အတွင်း ၀င်ရောက်ပြီးဖြစ်ပြီး အမေရိကန် အခြေစိုက် KFCကလည်း ၂၀၁၅ ခုနှစ်တွင် ၎င်း၏ ပထမဦးဆုံးဆိုင်ကို ဖွင့်မည်ဖြစ်သည်။

No comments: