နိုင်နိုင်ဇော်
ပထမဆုံးအကြိမ် မကွေးမြို့အတွင်း တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို နှစ်နှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်သွားမည်ဟု မကွေးဧရာဝတီ မိသားစု ကုမ္ပဏီက ပြောသည်။
ယင်းအိမ်ရာစီမံကိန်းကို ခန့်မှန်းကုန်ကျ ငွေ ကျပ်သိန်း ၃၀,၀၀၀ ဖြင့် ရင်းနှီးလုပ်ကိုင် မည်ဖြစ်ပြီး ဧရိယာ ၄ ဒသမ ၅၀ ဧကပေါ်တွင် အခန်ပေါင်း ၁၅၀ နှင့် မြေကွက်များ၊ ကစားကွင်းများနှင့် ဓမ္မာရုံများကိုပါ ထည့် သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး အရစ် ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးဟန်မောင် က ပြောသည်။
“တိုက်ခန်းတွေကို နှစ်နှစ်အတွင်း အပြီး သတ်တည်ဆောက်မယ်။ အခု တချို့တိုက်တွေဆိုရင် ပထမထပ်တွေကို ကျောက်စခင်းနေပြီ။ အားလုံးကို ၂၄ ရစ်ခွဲပြီး ရောင်းချမယ်။ ချက်ချင်းငွေချေဝယ်ယူသူတွေကို ၁၀ ရာခိုင်နှုန်းလျှော့ရောင်းတယ်”ဟု ၎င်းက ဆိုသည်။
မကွေး ဧရာဝတီအဆင့်မြင့် ဥယျာဉ် အိမ်ရာစီမံကိန်းတွင် ၈၇၆ ပေအကျယ်ရှိသည့် လေးခန်းတွဲ ငါးထပ်တိုက် ခြောက်လုံးနှင့် အခန်းအကျယ် စတုရန်းပေ ၁,၂၂၀ ရှိသည့် သုံးခန်းတွဲ ငါးထပ်တိုက်သုံးလုံးနှင့် စီမံခန့်ခွဲရေးအတွက် လေးထပ်တိုက်တစ်လုံး ပါဝင်မည်ဖြစ်သည်။
စီမံခန့်ခွဲရေး တိုက်ခန်းအတွင်း ဈေးဝယ်စင်တာများနှင့် ရုံးခန်းများကို တွဲဖက်တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းမြေအတွင်း မျက်နှာဝ အကျယ်ပေ ၅၀ နှင့် အလျားပေ ၆၀ ရှိသည့် မြေကွက်ကိုးကွက်ကိုလည်း တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ ဖြင့် ရောင်းချသွားမည်ဟု ဦးဟန်မောင်က ပြောသည်။
၈၇၆ ပေအကျယ်ရှိသည့် တိုက်ခန်းများ ကို တစ်ခန်းလျှင် ကျပ်သိန်း ၂၈၀ နှင့် အခန်းအကျယ် စတုရန်းပေ ၁,၂၂၀ ရှိသည့် တိုက်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၃၈၀ ဖြင့် ရောင်းချနေပြီး အထပ်အမြင့်ပေါ် မူတည်ကာ ကျပ်ငါးသိန်းစီ လျှော့ချထားပြီး ယခုအချိန်၌ တိုက်ခန်း ၃၀ နီးပါး ရောင်းချ ပေးထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းစီမံကိန်းအပြင် မကွေးတိုင်းအတွင်း အဆင့်မြင့်တန်ဖိုးသင့်အိမ်ရာများ ထပ်မံ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းလည်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။
No comments:
Post a Comment