Sunday, October 26, 2014

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ရရန်နီးလာပြီဟု ဒု-သမ္မတပြော

အောင်သူရထွန်း

တိုင်းရင်းသား ရေးရာကိစ္စများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှုရရှိရန် နီးကပ်လာပြီဟု ယုံကြည်ကြောင်း ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နေပြည်တော် MICC- 2 တွင် ကျင်းပသော ၆၉ ကြိမ် မြောက် ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြောသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် လိုအပ်သောအချက် တစ်ချက်ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပါဝင်နေသဖြင့် ရေရှည်တည်တံ့စေမည့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒု-သမ္မတက ဖြည့်စွက်ပြောသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “ကမ္ဘာနဲ့ အဝန်း အဘက်ဘက်မှ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကုလသမဂ္ဂရဲ့ ဦးဆောင်မှု အောက်ကနေပြီး စုပေါင်းရင်ဆိုင် ကျော်လွှားကြရမှာ ဖြစ်ပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းတွင် ရှုပ်ထွေးလှသော ပြဿနာများစွာ ရင်ဆိုင်နေရပြီး အကျည်းတန် အစွန်းရောက်သူများ၏ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဦးမော့လာခြင်းအပြင် လျင်မြန်စွာ ကူးစက်ပြန့်ပွား လျက်ရှိသော အီဘိုလာရောဂါဆိုး အန္တရာယ်တို့သည် ကမ္ဘာ့လုံခြုံရေးအား ခြိမ်းခြောက်လျက်ရှိကြောင်းလည်း ဖြည့်စွက်ပြောသည်။

ကုလသမဂ္ဂ၏ ၅၈ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ဝင်ရောက်ခဲ့သည့် အပြင် နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် ထောက်ခံအားပေးခဲ့သောနိုင်ငံဖြစ် သည်။

ပြီးခဲ့သည့် စက်တင်ဘာလက မြန်မာငြိမ်းချမ်းရေးစင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုများ မအောင်မြင်ခဲ့သည့်အပြင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

No comments: