ယုဝေ
လက်ပံတောင်းတောင်အရေး ဆန္ဒပြ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ ကိုခိုင်နေမင်း အပါအဝင် သုံးဦးကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက အောက်တိုဘာ ၂၂ ရက်တွင် ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများ အက်ဥပဒေပုပ်မ ၅/၆ အရ အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကိုပြောသည်။
ယင်းအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ အယူခံဝင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ဦးရောဘက်စန်းအောင်က “နောက်လဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးကို အယူခံဝင်ပါမယ်” ဟုပြောသည်။
ကိုခိုင်နေမင်းသည် လက်ပံတောင်းတောင်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အခြားနှစ်ဦးဖြစ်သည့် ကိုဘိုထွန်းနှင့် ကိုသိန်းညွန့်တို့သည် သာမန်အရပ်သားများဖြစ်သည်။
၎င်းတို့ကို လှိုင်သာယာမြို့နယ် ပဒံကျေးရွာရှိ အအေးခန်းတစ်ခုတွင် ပေါက်ကွဲရေးပစ္စည်း တပ်ဆင်ကြောင်း သတင်းရရှိမှုဖြင့် တိုင်းဒေသကြီး တိုင်းအကူတပ်ဖွဲ့ခွဲ လုံခြုံရေးတပ်ခွဲ ၁ တွင် စစ်ဆေးကာ ရရှိသည့် အချက်အလက်များအပေါ် လှိုင်သာယာမြို့နယ်ရဲစခန်းတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တရားလိုဘက်က တရားလိုသက်သေအဖြစ် တင်ပြခဲ့သည့် ပစ္စည်းများမှာ မှတ်ပုံတင်၊ တယ်လီဖုန်း၊ ဖုန်းအားသွင်းကြိုးနှင့် ကလေးကစားစရာ ယမ်းအ၀ိုင်းပြား ၄၀ အစရှိသည်တို့ ဖြစ်သည်။
ပေါက်ကွဲစေတက်သော ၀တ္တူပစ္စည်းများ အက်ဥပဒေပုပ်မ ၅/၆ အရ အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁ ရက်မှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။
No comments:
Post a Comment