Friday, October 17, 2014

တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကမ္ဘာ့အမွေနှစ်စာရင်းဝင်ရန် ကြိုးပမ်းမည်

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား ယူနက်စကို အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရန် စတင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း က အောက်တိုဘာ ၁၆ ရက်တွင် မဇ္ဈိမကိုပြောသည်။

ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်း ယဉ်ကျေးမှုကဏ္ဍ သတ်မှတ်ချက်အရ ဒြပ်မဲ့အမွေအနှစ်စာရင်းနှင့် ဒြပ်ရှိ အမွေအနှစ်စာရင်း နှစ်ခုရှိသည့် အနက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲသည် ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတွင် အကျုံးဝင်သည်ဟု ရှမ်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောသည်။

"တန်ဆောင်တိုင်ပွဲက ဒြပ်မဲ့ယဉ်ကျေးမှုမှာပါဝင်နေတဲ့အတွက် ယူနက်စကိုက လိုအပ်တဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်လို့ ထင်မြင်ယူဆလို့ သူတို့ကို ဖိတ်ခေါ်ပြသသွားမယ်” ဟု ရှမ်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း က မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် ယူနက်စကို အဖွဲ့ရောက်ရှိမည်ဖြစ်ပြီး ၃၀ ရက်တွင် စတင်ကျင်းပတော့မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလနှင့်လည်း ကိုက်ညီချိန်ဖြစ်သည့်အတွက် ပွဲတော်အတွင်း ယှဉ်ပြိုင်ပုံများအား ကွင်းဆင်းပြသပေးသွားမည် ဟု ၎င်းကပြောသည်။

ယူနက်စကို အဖွဲ့အား လိုက်လံပြသရာတွင် ပွဲတော်အတွင်း ပါဝင်ယှဉ်ပြိုင်ကြသော နေ့လွတ်အရုပ် ပြိုင်ပွဲကိုလည်း ရှင်းလင်းပြောကြားပြီးဟု ဒေါ်နန်းလောဝ်ငင်းက ဆိုသည်။

လက်ရှိတွင် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် အချက်အလက်များ စုဆောင်းနေပြီး အခြားမီးပုံးပျံ ပညာရှင်များနှင့်ပါ တိုင်ပင်လျက်ရှိသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အတွက် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီး ၈၉လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံးနှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေ လေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

No comments: