ဇာဏီထွဏ်း
မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေးအစီအစဉ် လေးနှစ် စီမံကိန်းအတွက် လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ကို အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရေးဆွဲသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောသည်။
"ကလေးလုပ်သား ပပျောက်ဖို့ဆိုရင် ကလေးတွေကို အလုပ်လုပ်နေတဲ့ဆီက ဆွဲထုတ်ဖို့မဟုတ်ဘူး။ အလုပ်လုပ်နေတဲ့ ကလေးတွေကို အလုပ်လုပ်ခွင့် မထိခိုက်စေဘဲ သူတို့အနာဂတ် ကောင်းမွန်စေဖို့၊ ကလေးအခွင့်အရေးရစေဖို့၊ကလေးဂုဏ်သိက္ခာ မထိခိုက်စေဖို့ သူ့ရဲ့အနာဂတ်ဖွံ့ဖြိုးမှု မထိခိုက်စေဖို့လုပ်တာ" ဟု ၎င်းက ဆိုသည်။
အဆိုပါစီမံကိန်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် အမျိုးသားအဆင့် ကလေးလုပ်သားပပျောက် ရေးနည်းပညာ လုပ်ငန်းအဖွဲ့ (NationalTechnical Working Group on Child Labour) ကို ကလေးလုပ်သား ပပျောက်ရေးနှင့် ဆက်စပ်နေသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၂၇ ခုမှ ကိုယ်စားလှယ်များဖြင့် ဩဂုတ်လအတွင်းက ဖွဲ့စည်းပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ဖြစ်သော အဆိုးဝါးဆုံး ပုံစံဖြင့် ကလေးများအားခိုင်းစေမှု ပပျောက်စေခြင်းကို ၂၀၁၃ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ILO မှ တစ်ဆင့် အမေရိကန်နိုင်ငံ အလုပ်သမားဌာန (US department of Labor) က မြန်မာနိုင်ငံ ကလေးလုပ်သားပပျောက်ရေးအတွက် ဒေါ်လာ လေးသန်း ထောက်ပံ့ခဲ့သည်။
No comments:
Post a Comment