စိုးသန်းလင်း
မြန်မာ့ရဲဘက်စခန်း ၄၆ ခု၌ ၁၉၇၈ မှ ၂၀၀၄ ခုနှစ်အတွင်း အကျဉ်းသား ၄,၂၀၀ ခန့် သေဆုံးခဲ့ခြင်းအပေါ် သင်္ဃန်းကျွန်းမြို့နယ် အမတ် ဦးသိန်းညွန့်က အစိုးရအဖွဲ့အားမေးသည်ကို ပြင်းထန်စွာခိုင်းစေခြင်း၊ အစားအစာ မလုံလောက်ခြင်းတို့ကြောင့်မဟုတ်ဟု ပြည်ထဲရေး ဒုတိယဝန် ကြီးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။
“အစားအစာ မလုံလောက်ခြင်း၊ ရေချိုးရန်အခက် အခဲရှိခြင်း၊ ဆေးဝါးကုသရန် အခွင့်အရေးမရခြင်း တို့ကြောင့် သေဆုံးသူများမရှိခဲ့ပါ။ စခန်းများသို့ ရောက်ရှိပြီး ရာသီပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ မနေထိုင်ခြင်း၊ အစားအသောက် အနေအထိုင်လွဲမှားခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် သေဆုံး ရတာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းလင်းသည်။
ရောက်သေစခန်း၊ ဘ၀ပြောင်းစခန်း ဟူ၍ နာမည်ကြီးလျက်ရှိသည့် မြန်မာ့ရဲဘက်စခန်းများကို ၁၉၇၈ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ခုနှစ် မေလ ၁၂ ရက်တွင် စခန်း ၃၆ ခုဖျက်သိမ်းကာ စိုက်ပျိုး၊ မွေးမြူနှင့် ကုန်ထုတ် စခန်းများအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ အကျဉ်းဦးစီးဌာနတွင် အဆိုပါစခန်း ၄၆ ခုရှိ ကာ အကျဉ်းသားတစ်သောင်းကျော် ရှိကြောင်း၊ ၎င်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုများလည်း စီမံထားပါကြောင်း ၎င်းက ဖြေကြားသည်။
ထို့ပြင် “စခန်းတိုင်းမှာ ကျန်းမာရေးမှူး တစ်ဦးခန့်ထားပြီး မကျန်းမာတဲ့ အကျဉ်းသားတွေကို ဆေးရုံတွေမှာ တက်ရောက် ကုသခံယူခွင့်၊ ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့တွေရဲ့ စစ်ဆေးကုသခံယူခွင့်များ စီမံပေး ထားပါတယ်။ ၂၀၁၁ ဇန်န၀ါရီလ ကနေ သြဂုတ် ၃၁ အထိ စခန်း ၄၆ ခု အတွက် ဆေးဖိုးကျပ် ၃၆,၀၅၉,၆၉၂ ကို နိုင်ငံတော် ဘဏ္ဍာက သုံးစွဲခဲ့ပါတယ်” ဟုလည်း ဒု-၀န်ကြီးက ပြောသည်။
သို့ ရာတွင် လက်တွေ့ ၌ အစာရေစာ၊ ရေနှင့် ဆေးကုသခွင့်အခက်အခဲများကြောင့် သေဆုံးရမှုများ၊နောင်ချို ရဲဘက်စခန်းရောက် အကျဉ်းသား ကိုမျိုးအောင်က ဦးသိန်းညွန့်ထံပေးပို့ လာသောကိုယ်တွေ့ ဖြစ်ရပ်များ၊ မကြာသေးမီက ထုံးဘို ရဲဘက်စခန်းမှ အကျဉ်းသားတစ်ဦး ကျောက်တောင်ပေါ်မှ ပြုတ်ကျသေ ဆုံးရမှု၊ အကျဉ်းသမက သူ့ကလေးကိုသစ်ပင်၌ ကြိုးချည်ထားပြီး အလုပ်ကြမ်းလုပ်နေရမှု စသည့် ဖြစ်ရပ် မှန်များနှင့် ဒု-၀န်ကြီး၏အဖြေတို့  ကွဲလွဲနေသည်ဟု သင်္ဃန်းကျွန်းမြို့နယ် အမတ်ကမီဒီယာကို ပြောသည်။
“ဌာနဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကာကွယ်ပေးနေတာပဲ။ အာဟာရမပြည့်လို့၊ ဆေးမကုနိုင်လို့၊ မမျှတတဲ့ အလုပ်တွေ ခိုင်းလို့၊ နောက်ဆုံး နွားနေရာမှာ လူကိုအစားထိုးခိုင်းလို့ သေရတာတွေ၊ လူ့ဂုဏ်သိက္ခာကို နှိမ့်ချတဲ့ ဆိုးရွားရက်စက်တဲ့ ခိုင်းတာတွေ ရပ်ဖို့လိုပါတယ်” ဟု ပြောသည်။
ရဲဘက်စခန်းများတွင် လူ့ အခွင့်အရေး ချိုးဖောက်သည့် ခိုင်းစေမှုများလည်း ရှိနေကာ နိုင်ငံခြားအဖွဲ့ အစည်း များအား လေ့လာခွင့်ပြုထားသည် ဆိုသော်လည်း ထဲထဲဝင်ဝင်လေ့လာခွင့် မရကြောင်းနှင့် ဥပဒေ ရေးဆွဲ မပြင်နိုင်ပါက ရောဂါတခြား ဆေးတခြားဖြစ်မည်ဟုလည်း ပြောသည်။
No comments:
Post a Comment