မောင်သင်တုန်း
အမေရိကန် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ ကိုရီယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများ အကြွေးစနစ်ဖြင့်ဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက် မရသေးဘဲ RE ဖြည့်စွက်ရန်ပုံငွေ၌ တောင်းခံမိသည့်အတွက် တောင်းပန်သည်ဟုအောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကပြောသည်။
"ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်မရသေးခင် RE (ဖြည့်စွက်ရန်ပုံငွေ ဘတ်ဂျက်) မှာ ထည့်သွင်းတောင်းခံသလို ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ တောင်ပန်းလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူရန် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ သိုသော် လုပ်ငန်းများ မပြီးဆုံးခဲ့တဲ့အတွက် RE ဆွေးနွေးမှုက အရင်ရောက်ရှိသွားပြီး ကျွန်တော်တို့က ခွင့်ပြုချက်မရဘဲ ထည့်သွင်းသလို ဖြစ်သွားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုးရှိ Daedong Industrial ကုမ္ပဏီ၏ ကိုရီးယားနိုင်ငံထုတ် စက်ပစ္စည်းဝယ်ယူရန် နဝမအကြိမ် ပြည်ထောင်စု လွှတ်တော်တွင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သည့်အတွက် ယခုအခါတွင် ဒုတိယအကြိမ် ထပ်မံရှင်လင်းပြီး ခွင့်ပြုချက်တောင်းခံခြင်း ဖြစ်သည်။
ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ပစ္စည်းများကို ၇နှစ် အရစ်ကျစနစ်ဖြင့် အနည်းဆုံး လယ်မြေနှစ်ဧက အထက်ရှိတောင်သူများကို အကြွေးစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ သမဝါယမ ဝန်ကြီးဌာနအနေဖြင့် ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများကို နှစ်ရာခိုင်နှုန်းအတိုးဖြင့် ဝယ်ယူပြီး လယ်သမားများကို ဝန်ဆောင်ခအပါအဝင် အတိုးနှုန်း ရှစ်ရာခိုင်းနှုန်းသတ်မှတ်ကာ ပြန်လည်ရောင်းချပေးမည် ဖြစ်သည်။
No comments:
Post a Comment