Wednesday, October 1, 2014

ပန်းလှိုင်မြစ် ပြန်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး နိုဝင်ဘာတွင် စတင်တူးဖော်မည်

သီဟကိုကို

ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး လာမည့်နိုဝင်ဘာလတွင် စတင်တူးဖော်သွားမည်ဟု ဆည်မြောင်းဦးစီးဌာန၊ လှည်းကူးမြို့နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် မြေကြီး လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါများ ပေးသွင်းရန် စက်တင်ဘာ ၂၉ ရက်တွင် စတင်ခေါ်ယူထားသည်။

“မြစ်ကြောင်းအတိုင်း မြေကြီးတူးဖော် မယ့်ကုမ်္ပဏီကို ရွေးချယ်ပြီးသွားတာနဲ့ လုပ်ငန်းစတင်သွားမယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်း ပြီးစီးအောင်လုပ်သွားမယ်။ မြစ်တွင်းမြစ် ကြောင်းအပြင် မြစ်ဘေးလမ်းကိုပါ မြေဖို့ပြီး သွားလာလို့ရအောင် ဖောက်လုပ်သွားမယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွက် ပန်းလှိုင်မြစ်ပြန်လည်တူးဖော်ရေး လုပ်ငန်းအတွက် ကျပ် ၂၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံဆောင် ရွက်သွားမည်ဖြစ်ပြီး ယင်းရန်ပုံငွေသည် ၂၀၁၄ နိုဝင်ဘာလမှ ၂၀၁၅ မတ်လအထိ ငါးလအကြာ မြစ်ကြောင်းပြန်လည်တူးဖော် ခြင်းလုပ်ငန်းအထိသာဖြစ်သည်။

မြစ်တွင်းရေလမ်းကြောင်း အလုံးစုံပြီးစီး ကောင်းမွန်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ရရှိမည့် အသုံးစရိတ်ဖြင့် ဆက်လက် အကောင်အထည်ဖော်သွားမည်။

နှစ်ပေါင်းများစွာ ကောနေသော ပန်းလှိုင်မြစ်သည် အရှည် ၃၄ မိုင် သုံးဖာလုံရှိပြီး ယခုနှစ်တွင် ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းများကို တူးဖော်မည်ဖြစ်ကာ ရေထိန်းတံခါးများ ပြုပြင်တည်ဆောက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပန်းလှိုင်မြစ်ကြောင်းသည် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ မဲဇလီကျေးရွာမှ ရန်ကုန်တိုင်း၊ လှိုင်မြစ်ဝအထိရှိပြီးမြစ်ကြောင်းပြန်လည် ကောင်းမွန်လာသည့်အချိန်တွင် ရေလမ်းကြောင်း ပြန်လည်ပွင့်သွားမည်ဖြစ်ကာ ရေထိန်းတံခါးများ ဆောင်ရွက်ပြီးချိန်၌ စိုက်ပျိုးရေးလုပ်ငန်းများကို ရေပေးနိုင်မည်ဟု ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

ပန်းလှိုင်မြစ် မြေကြီးတူးဖော်ရေးလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားသည့်ကုမ္ပဏီများသည် အောက်တိုဘာ ၂၁ ရက်တွင် နောက်ဆုံးထား တင်ဒါတင်သွင်းရမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်၌ တင်ဒါဖွင့်သွားမည် ဖြစ်ကာ လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် ရက်သတ္တတစ်ပတ်အတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။

No comments: