Wednesday, October 1, 2014

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်(၁၀) ဦးကို မဲစနစ်ဖြင့် မဟုတ်ဘဲ CEC အဖြစ် တင်မြှောက်

နိရဉ္စရာ

သံတွဲမြို့တွင် ကျင်းပနေသော ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ပါတီကို ဦးဆောင်မူပြုလုပ်ရာတွင် အဆင်ပြေချောမွေ့နိုင်စေရေး ရည်ရွယ်ပြီး ALD နှင့် RNDP မှ ခေါင်းဆောင် တစ်ဘက် (၅) ဦးစီကို မဲစနစ်ဖြင့် မဟုတ်ဘဲ အများသဘောတူ ဗဟိုအလုပ်အမူဆောင်ကော်မီတီ (CEC) အဖြစ် တင်မြောက်လိုက်သည်ဟု သိရသည်။

ထို CEC (၁၀) ဦးထဲတွင် ALD ဘက်မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေတို့ ဖြစ်ကြပြီး RNDP ဘက်မှ ဦးဦးလှစော၊ ဦးဘရှင်၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်းတို့ ဖြစ်ကြသည်။

ရခိုင်အမျိုးသားပါတီအတွက် ဗဟို အလုပ်အမူဆောင် (၃၉) ဦးရှိမည် ဖြစ်ပြီး ထို (၁၀) ဦးနေရာအား မဲစနစ်ဖြင့် အရွေးခံစရာမလိုဘဲ အလိုအလျောက် အများသဘောဖြင့် ဗဟို အလုပ်အမူဆောင် စာရင်းထဲတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အဓိကတော့ နှစ်ပါတီ ပူးပေါင်းထားတာ ဖြစ်တဲ့ အတွက် ပါသင့်သူတွေ ပါနိုင်အောင်၊ ပီးရင် အတွေ့အကြုံရှိသောသူတွေ ပါဝင်လာနိုင်အောင်၊ ပါတီကို ပိုပြီး စည်းလုံးညီညွတ်စွာနဲ့ ကျစ်လစ် ခိုင်မာအောင် ရည်ရွယ်ပြီး မဲစနစ်နဲ့ မဟုတ်ဘဲ (၁၀) ဦးကို By နည်းနဲ့ တင်မြောက် လိုက်တာပါ” ဟု ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။

ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမူဆောင် ကော်မတီကို (၃၉) ဦး ထားရှိမည် ဖြစ်ပြီး ကျန် (၂၉) ဦးကို ညီလာခံ နောက်ဆုံးနေ့တွင် ရွေးချယ်သွားမည်ဟု သိရသည်။

“ ဗဟိုကော်မတီ ၁၁၁ ဦးရွေးချယ်မယ်။ ဗဟိုအလုပ်အမူဆောင်ကော်မတီက ၃၉ ဦးထဲမှာ ကျန် ၂၉ ဦးကို မနက်ဖြန် နောက်ဆုံးနေ့မှာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးစတဲ့ ခေါင်းဆောင်တွေကိုလည်း နောက်ဆုံးနေ့မှာ အပြီးသတ် ရွေးချယ်မှာ ဖြစ်ပါတယ်” ဟု နောက်ထပ် ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလှမြင့်ကဆိုသည်။

ယခင် RNDP ဥက္ကဌ ဒေါက်တာအေးမောင်အား CEC (၁၀) ဦးထဲတွင် အမည်ထည့်သွင်းသော်လည်း CEC နေရာ တင်မြောက်မူကို လက်မခံဘဲ မဲစနစ်ရွေးချယ်မူဖြင့်သာ CEC နေရာကို ယှဉ်ပြိုင်လက်ခံသွား မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ ညီလာခံတွင် အမြင်မတူမူများနှင့် သဘောထားကွဲလွဲမူ အချို့ရှိသော်လည်း အခြေအနေမှာကောင်းမွန်နေကြောင်း ခေါင်းဆောင်များက နိရဉ္စရာသို့ ပြောကြားကြသည်။

No comments: