ချမ်းစွန်း
အစိုးရ တပ်၏ ကမ်းလှမ်း မှုကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ စက်တင်ဘာလ တိုက်ပွဲ အတွင်း သိမ်းဆည်း ထားခဲ့သည့် လက်နက် များအား ယနေ့၌ ပြန်လည် အပ်နှံ ပေးခဲ့ကြောင်း DKBA အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောဆန်းအောင်က ရွှေဟင်္သာ သတင်း ဌာနအား စက်တင်ဘာလ (၆) ရက်နေ့၌ အတည်ပြု ပြောကြား ခဲ့သည်။
“ကျနော်တို့ ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးရယ် ကော့ကရိတ် ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး သရဲနီ ရယ် ကျိုက်မရော စစ်မြေပြင်က ရရှိ ထားတဲ့ တပ်မတော် လက်နက် တွေကို ကော့ကရိတ် စကခ (၁၂) ဌာနချုပ်မှာ ပြန်ပေး လိုက်တယ်” ဟု DKBA အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောကြားသည်။
ကျိုက်မရော စစ်မြေပြင်၌ DKBA အဖွဲ့နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့စဉ် လက်နက် (၆) လက် ကို DKBA ဘက်မှ သိမ်းယူ ခဲ့ခြင်းကို ပြန်လည် ပေးအပ် ခဲ့ခြင်း ဖြစ်ကာ ၎င်းလက်နက် များမှာ ခလရ (၂၀၈) တပ်မှ လက်နက်များ ဖြစ်ကြောင်း သိရှိ ရသည်။
ထိုသို့ DKBA အဖွဲ့မှ သိမ်းဆည်း ထားသည့် တပ်မတော် လက်နက်များအား ပြန်လည် ပေးအပ် ခဲ့ခြင်း မှာလည်း မှန်ကန်ကြောင်း DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့် ကလည်း ရွှေဟင်္သာသတင်းဌာနအား ထပ်မံ၍ အတည်ပြု ပြောကြား ခဲ့သည်။
“မွန်းလွဲ (၂) နာရီ ကျော်မှာအပ်နှံ လိုက်ပါပြီ။အဲဒီ နေရာမှာကျွန်တော် မရှိနေတဲ့ အတွက်တော့ဘာတွေ လုပ်တယ် ဆိုတာ မပြောနိုင် ပေမယ့်လက်နက် အပ်နှံ လိုက်ပြီး ဆိုတဲ့ အကြောင်း ကတော့အတည်ပြု ပြောလို့ ရပါတယ်” ဟု ၎င်းက ရွှေဟင်္သာသတင်းဌာနအား ပြောကြား ခဲ့သည်။
ယနေ့ အောက်တိုဘာ(၆)ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ဆင်ရေး ကွဲကဲမှုစစ်ဌာနချုပ် (စကခ - ၁၂) တွင်ပြုလုပ် ခဲ့သည့် အဆိုပါ လက်နက် ပြန်လည် အပ်နှံ ခဲ့သည့် ပွဲအား အရှေ့ တောင်တိုင်း စစ်ဌာချုပ်မှတပ်မ မှူးများ၊စကခ (၁၂) မှတပ်မမှူး များနှင့်DKBA မှဒုတိယစစ်ဦးစီးချုပ်စောမိုးရှေးတို့ ဦးဆောင်၍ တက်ရောက် ခဲ့ကြသည်။
စက်တင်ဘာလ (၂၆) ရက်နေ့တွင် DKBA တပ်မှ ဗိုလ်ကြီး အဆင့်ရှိ တူးအောင်ကို (ခေါင်းကြီး) ဦးဆောင်၍ လက်နက် အပြည့် အစုံ လူအင်အား (၂၂) ယောက်သည် ထိုနေ့တွင် ကျိုက်မရော မြို့သို့ တက်လာ ခဲ့သည်ကို သတင်း ကြား၍ သွားရောက် တားဆီးသည့် မြန်မာ အာဏာပိုင် စုပေါင်းတပ် (ရဲ ၊ SB၊ ခလရ (၂၀၈) တပ်ဖွဲ့) တို့အား DKBA မှ ခေတ္တ ဖမ်းဆီး ခဲ့ပြီး ထိုသို့ ညှိနှိုင်း နေစဉ် ရောက်ရှိ လာသည့် ခလရ (၂၀၈) ပိုင် ကားတစ်စီးအား စတင် ပစ်ခတ် ခဲ့ရာမှ နှစ်ဖက် အကြား တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တောက်လျှောက်ပင် စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ရက်နေ့ အထိ ထိတွေ့ တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပေါ် ခဲ့ပါသည်။
ထို စက်တင်ဘာ ၂၆ ရက်နေ့ ကျိုက်မရော ပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈ မှ ဗိုလ်မှုး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်၍ လည်းကောင်း ၊ ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက်ငယ် ထိမှန် ခဲ့ကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦးမှာ ညာဘက် လက်မောင်း၌ လက်နက်ငယ် ဒဏ်ရာ အသီးသီး ထိမှန် ခဲ့ရသည်။
ထို့နောက်တွင် သထုံ အခြေစိုက် တပ်မ ၂၂ မှ ၎င်း လက်အောက်ခံ တပ်ရင်း များအား တပ်လှန့်ကာ နယ်မြေ ရှင်းလင်းရေး ပြုလုပ်၍ DKBA မှ သိမ်းဆည်း သွားသည့် တပ်မတော် လက်နက်များ ပြန်လည် ရရှိရေး ဖိအားပေး စစ်ဆင်မှုများ ပြုလုပ် ခဲ့သည်။

No comments:
Post a Comment