Wednesday, October 15, 2014

ကော်သူလေး တပ်မတော် ထူထောင်မည့်ကိစ္စ KNLA နှင့် KNDO တို့ လက်မှတ်ထိုးထား၍ KNU ဗဟိုကော်မတီ အစည်းဝေးတွင် ဖြေရှင်းမည်

ကြယ်ပြာ

ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ ကော်သူလေး တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည် ဆိုသော ထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုး ထားသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တို့က စစ်ဦးစီးချူပ်နှင့် ဒုတိယစစ်ဦးစီးချူပ်တို့အား စက်တင်ဘာ ၂၃ရက်တွင် ပြုလုပ်မည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မတီအစည်းအဝေးတွင် အဆိုပါကိစ္စကို ဖြေရှင်းကြရမည်ဟု KNU ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးရန်နိုင်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၃ရက်က ထွက်ပေါ်လာခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ၎င်းတို့၂ဦး လတ်မှတ်ထိုးသည်မှာ မဖြစ်နိုင်ကြောင်း KNUက ယနေ့ နံနက်က ငြင်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် ပြုလုပ်ခဲ့သည် အရေးပေါ် အစည်းအဝေးတွင် KNLA နှင့် KNDO တို့က လက်မှတ်ထိုးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူး ရန်နိုင်က ဆိုသည်။

၎င်းက "ဒီညနေမှ အစည်းအဝေးလုပ်တော့ လက်မှတ်ထိုးသူ ၂ယောက်က သူတို့ထိုးကြောင်းပြောတယ်။ ဒါပေမယ့် ဒီစာကို ဘယ်သူထုတ်လိုက်မှန်း ကျွန်တော်တို့ ခုထိ မသိပါဘူး။ ထုတ်ပြန်ချက် ထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်တော့ လုံးဝဖုန်းကို မကိုင်ဘူးဖြစ်နေတယ် " ဟု ပြောသည်။

ထို့ကြောင့် (၁၃၊၁၀၊၂၀၁၄)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကရင်အမျိုးသား လက်နက်ကိုင် အဖွဲ့များ(KAF) ပြန်လည် ပေါင်းစည်းရေး သဘောတူညီချက်တွင် လတ်မှတ်ထိုးထားသည့် KNLA ဒုစစ်ဦးစီးချူပ် နှင့် KNDO ဦးစီးချူပ်တို့သည် ၎င်းတို့၏ သဘောထားအမြင်အပေါ်တွင် ရေးထိုးခြင်းသာ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံးက အောက်တိုဘာလ ၁၄ရက် နေ့စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသား လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းခြင်းသည် KNU၏ ၁၅ကြိမ်မြောက် ချမှတ်ထားသည့် မူဝါဒဖြစ်သည်နှင့် အညီ KNLA စစ်ဦးစီးချူပ်က ဦးဆောင်ပြုလုပ်နေသည့် ကရင်လက်နက်ကိုင် တပ်များ စည်းလုံးညီညွတ်ရေး ကော်မတီက ဆက်လက် အကောင်အထည် ဖော်နေကြောင်း နှင့် KNUသည် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းဖြင့်သာ ဆက်လက်ဆွေးနွေး အဖြေရှာသွားမည်ဆိုကြောင်းကိုလည်း ရေးထားခဲ့သည်။

ကော်သူးလေး တပ်မတော်( Kawthoolei Armed Forces-KAF) အဖြစ် ပြန်လည်ဖွဲ့စည်းကာ တိုက်ပွဲဝင်မည် ဆို၍ KNLA၊ KNDO တို့မှ ဒုတိယ စစ်ဦးစီးချူပ် နှင့် စစ်ဦးစီးချူပ်၊ ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) မှ စစ်ဦးစီးချူပ် ဗိုလ်ချူပ် စောလားပွယ်၊ KNU/KNLA PC တို့မှ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး)ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး တို့ လတ်မှတ်နှင့် တံဆိပ်တုံး ရိုက်နှိပ်ထားသော ထုတ်ပြန်ချက်တခုမှာ အောက်တိုဘာလ ၁၃ရက်က ထွက်ပေါ်လာခဲ့သည်။

သို့သော် ထုတ်ပြန်ချက် နှင့် ပတ်သက်၍ အဖွဲ့များအနေဖြင့် ထိုကဲ့သို့ သဘောတူညီမှုများ မရှိထားကြောင်း၊ နည်းပညာများဖြင့် လက်နက်ကိုင်များကို ထိုးနှက် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း နှင့် ထိုစာကြောင့် အစိုးရနှင့် လက်နက်ကိုင်များ အကြား ပြသနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေသကဲ့သို့ မည်သူက ထိုစာအား ထုတ်ပြန်ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း DKBA မှ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ဆိုသည်။

No comments: