Saturday, October 25, 2014

KNPP လှုပ်ရှားဒေသအတွင်း အစိုးရတပ်မှ လက်နက်ကြီးများ လေ့ကျင့်ပစ်ခတ်မှု ဒေသခံများစိုးရိမ်

စောစီခို

အကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုဘက်တွင် အစိုးရစစ်တပ်များမှ လက်နက်ကြီးများ လာရောက်စမ်းသတ်ပစ်ခတ်မှုများ ပြုလုပ်သည့်အပေါ် ဒေသခံများ စိုးရိမ်ထိတ်လန့်နေသည်ဟု သိရသည်။

စကခ(၂)မှ သင်တန်းသား ၁၀၀၀ ကျော်တို့က ဒေသခံတောင်ယာခင်းထဲတွင် စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၄ရက်အထိ လက်နက်ကြီးများဆက်တိုက် လေ့ကျင့်ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ရွာသားများမှ ကန္တာရ၀တီတိုင်း(မ်)သို့ ယခုလိုပြောဆိုသည်။

“ပြည်သူတွေက စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိတယ်ပေါ့နော။ လက်နက်ကြီး လေ့ကျင့်တယ်ပြောရင်း ပြောရင်းနဲ့ ခဏနေ တပ်လာထောင်သွားမှာ ကြောက်လို့၊ အဲ့ဒါကျနော်တို့ စိုးရိမ်ကြတာပေါ့။ ကျနော်တို့ ဒီရွာက လုပ်ကိုင်စားဖို့ မြေနေရာတွေလည်း အဲ့နေရာမှာဘဲ ရှိတယ်ဆိုတော့ အကယ်၍ သူတို့တပ် လာထောင်မယ်ဆိုရင် ကျနော်တို့ လုပ်ကိုင်ဖို့မြေနေရာ မရှိတော့ဘူးပေါ့နော”ဟု ဒေါတမကြီးအုပ်စု ဥက္ကဌ - ဦးကိုရယ်က ပြောသည်။

လက်နက်ကြီးများသည် တောင်သူများ၏ တောင်ယာခင်းထဲတွင် ကျရောက်နေခြင်းကြောင့် တောင်ယာထဲသွားရန် ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။

အဆိုပါလက်နက်ကြီးများ စမ်းသပ် ပစ်ခတ်သည့်နေရာဒေသသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP တပ်များ လုပ်ရှားရာနေရာ ဖြစ်သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ပြည်နယ်ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး ကွန်ယက်အဖွဲ့မှလည်း စိုးရိမ်နေသည်။

“ဗမာပြည်မှာ လက်ပစ်ခတ်ဖို့ နေရာမရှိဘူးလား၊ အင်အားလာပြနေတာလား၊ ဒါက ဒီလိုချိန်မှာ ပစ်ခတ်ရပ်စဲရေးကို ထိခိုက်နိုင်တယ်”ဟု ကယားပြည်နယ်ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးကွန်ယက်မှ ပြောခွင့်ရ ဆရာဒယ်နီယာက ပြောသည်။

“ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ ဘယ်အမူအရာမဆိုတော့ ဒီအချိန်မှာ ရှောင်သင့်တယ်”ဟုဆရာဒယ်နီယာက ဆက်ပြောသည်။

KNPPလုပ်ရှားဒေသတွင်ယခုလို လက်နက်ကြီးများသွားရောက်စမ်းသပ်ပစ်ခတ်မှုနှင့်ပါတ်သက်ပြီး တစုံတရာ အကြောင်းကြားခြင်းမရှိကြောင်း လွိုင်ကော် KNPP ပင်မဆက်ဆံရေးရုံးမှ ပြောခွင့်ရ ဆရာပလုရယ်က ပြောသည်။

“တပ်ကိစ္စနဲ့ပတ်သက်ပြီးမှပေါ့နော၊ ကျနော်တို့ နှစ်ဦးနှစ်ဖက်ပေါ့ လုပ်ရှားမှုရှိမယ်ဆိုရင် ကြိုတင် အကြောင်းကြားဖို့လိုတယ်။ အဲ့ဒီလိုမျိုးလုပ်မှလည်း နှစ်ဦးနှစ်ဖက်ပေါ့ အပစ်အခတ်ရပ်စဲရေးက ခိုင်မာမှုတွေရှိမှာပေါ့။ အဲ့လိုမျိုး ကြိုတင်အကြောင်းမကြားဘဲ သွားတာလာတာ… ပြဿနာတစုံတရာ ဖြစ်လို့ရှိရင် မကောင်းတတ်ဘူး”

နှောင်တွင် အစိုးတပ်အနေဖြင့် KNPP တပ်ရှိရာ မည်သည့် ဂွင်/နယ်မြေထဲသို့မဆို ၀င်ရောက်လိုလျှင် အနည်းဆုံး (၃) ရက်ကြို အကြောင်းကြားသင့်သကဲ့သို့ KNPP ၏သဘောတူညီမှုကိုလည်း ရယူသင့်သည်ဟု ဆရာပလုရယ်က ဆိုသည်။

ဒေါ်တမကျေးရွာအုပ်စုထဲ ယခု လာရောက်လေ့ကျင့်ပစ်ခတ်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၁ရက်နေ့ကလည်း ဗျူဟာမှူး ဦးခင်မောင်မောင်ဦးဆောင်ပြီး စကခ(၂)မှ သင်တန်းသား ၂၀၀၀ဖြင့် လက်နက်ကြီးအလုံးရေ ၁၀၀ လေ့ကျင့်ပစ်ခတ်သွားသည်။

ပထမအကြိမ်လေ့ကျင့်ပစ်ခတ်မှုတွင် တောင်ယာခင်းထဲမကွဲပဲ ကျန်ရှိနေသည့် လက်နက်ကြီးများ ရှိနေသေးကြောင်း ရွာသားတို့၏ပြောပြချက်အရ သိရသည်။

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြည်ထောင်စုအဆင့်တွင် သုံးကြိမ်တိုင်ရှိပြီး ဖြစ်သော်လည်း တပ်ကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုများ မရှိသေးပါ။

No comments: