Monday, October 20, 2014

SSPP နှင့် UPWCတို့ နယ်မြေငြိမ်းချမ်းရေးနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေး

ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီ(UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း(SSPP/SSA) တို့ ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် အောက်တိုဘာလ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

“ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ UPWC ဘက်မှ နယ်မြေအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းညှိနှိုင်း ဖော်ဆောင်ရေးအဖွဲ့ဖွဲ့ရေး၊ ဆက်ဆံရေးရုံး အဆင်မြင့်တိုးချဲ့ဖွင့်လှစ်ရေး၊ ဆက်ဆံရေး ချထားခြင်းဖြင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးသွားရန်၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် အချက် ၄ ချက် အဆိုပြုခဲ့သည်ဟု သိရသည်။

SSPP/SSA မှ အထက်ကို တင်ပြပြီး ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်၍ ပြန်လည် အကြောင်း ပြန်မည်ဟု ဆွေးနွေးပြောဆိုခဲ့သည်ဟု SSPP/SSA အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။

“ကျွန်တော်တို့ဘက်က အဲဒါကို အထက်ကို ပြန်တင်ပြမယ်။ ဆုံးဖြတ်ချက် ချမှတ်ပြီးမှ အကြောင်း ပြန်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ကတော့တလျှောက်လုံး ဆွေးနွေးတဲ့အတိုင်း စစ်ဟာ အဖြေမဟုတ်ဘူး။ ဆွေးနွေးမှုကတော့ တစ်ယောက်နဲ့တစ်ယောက် အပြုသဘောလည်း ဆောင်ပါတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်မှ ၄ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် တာဖာဆောင်ဒေသအတွင်း SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ “ ပြီးခဲ့တဲ့ တိုက်ပွဲကို သင်ခန်းစာ ယူပြီးတော့မှ တိုက်ပွဲတွေ မဖြစ်အောင်ထိန်းသိမ်းသွားဖို့ ဆွေးနွေးကြတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရွှေလီရိပ်သာတွင် SSPP/SSA ဘက်မှ စဝ်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးတက်ရောက်ခဲ့ပြီး UPWC ဘက်မှ ဦးသိန်းဇော် အပါအဝင် နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင် တက်ရောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ ဦးချစ်ကိုကို၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက SSPP/SSA နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

UPWC ဘက်မှ နယ်မြေတည်ငြိမ်အးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းညှိနိုင်း ဖော်ဆောင်ရေးအဖွဲ့ဖွဲ့ရေး၊ ဆက်ဆံရေးရုံး အဆင်မြင့် တိုးချဲ့ဖွင့်လှစ်ရေး၊ ဆက်ဆံရေး ချထားခြင်းဖြင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွးနွေးသွားရန်၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် အချက် ၄ ချက် အဆိုပြုခဲ့သည်ဟု သိရသည်။

No comments: