Saturday, October 4, 2014

SSPP နှင့် တိုက်ပွဲတွင် အစိုးရတပ်မှ ခြောက်ဦးကျဆုံးဟုဆို

စိုးသန်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင်တံတားအနီး၌ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းတပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရဘက်မှ တပ်မတော်အရာရှိတစ်ဦး အပါအဝင် စစ်သည်ခြောက်ဦး ကျဆုံးခဲ့သည်ဟု ပြည်သူ့လွှတ်တော်မှ အမည်မဖော်လိုသူ တပ်မတော်သား ကိုယ်စားတစ်ဦးက အောက်တိုဘာ ၃ ရက်တွင် လွှတ်တော်အတွင်း၌ မဇ္ဈိမကို ပြောသည်။

၎င်းက “ ဝမ်ဟိုင်းတပ်ကို တာဖာဆောင်တံတားကနေ ဆုတ်ပေးဖို့  ပြီးခဲ့တဲ့ နှစ်လ တည်းက ပြောထားပြီးသားပါ၊ သူတို့ က တံတားမှာ ကုန်ကားတွေကို ဆက်ကြေးကောက်နေကြတာ၊ အခု အပေါ်က (ရမခက) အမိန့် ထပ်ပေးလို့  တပ်ခွဲက သွားအပြောမှာ သူတို့ ဘက်က စပစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

SSPP ဘက်က ကျဆုံးမှုကိုမူ မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော် လားရှိုး၊ တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ စစ်အင်အား ၁၀၀၀ ခန့်လာရောက် တိုးမြှင့်ချလာသဖြင့် အောက်တိုဘာလ ၂ ရက်မှ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု SSPP ဘက်က ဆိုထားသည်။

SSPP နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၂ရက်က စတင်ကာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၃ရက် နံနက် ၁၀နာရီခန့်တွင် SSPP၏ တာဖာဆောင် တံတားအနီးမှ တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရပြီဟု SSPP၏ တပ်ပေါင်းစုရေးရာဌာန၏ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်လာသဖြင့် တာဖာဆောင် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသားများမှာ အောက်တိုဘာ ၂ရက်မှ စတင်၍ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

No comments: