Tuesday, February 2, 2010

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ

ဝီရ/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက်ကံဆောင်၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ်ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်းတို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြားထားသည်ကို သတ်မှတ်ရက်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဦးအောင်ဆန်း ဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကောင်းကျိုးအတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ်ဘဝကနေ အားထုတ်ကြိုးပမ်းနေတာကို နအဖအလိုကျ စီမံဆောင်ရွက်နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုးလုပ်ဆောင်နေတာကို ဦးဇင်းတို့က သတိပေးပြီးဖြစ်တယ်။ သတ်မှတ်ရက်အထိ တစုံတရာ ပြန်ကြားတာမရှိလို့ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့စာရင်းမှာ တည့်လိုက်တာဖြစ်တယ်။ ဦးအောင်ဆန်းဦးတို့ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့တပ်ပေါင်းစုကနေပြီးတော့ တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ၏ အကျိုးအတွက်သော်လည်းကောင်း၊ တိုင်းသူပြည်သားများ အကျပ်အတည်းမျိုးစုံမှ လွတ်မြောက်ရေးအတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ်ကန့်ကွက်မှုများအား ပယ်ဖျက်ပေးမည်ဆိုပါက ဘာသာရေးအရ သပိတ်မှောက်ကံဆောင်ထားမှုများ အားလုံးကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်းထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက်ထားသည်သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှမရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေးပြုနေခြင်း၊ အသုံးချခံနေခြင်းတို့အတွက် စိတ်ပျက်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေးနေခြင်းမှ ရပ်တန့်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးအောင်ဆန်းဦးထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာတစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

No comments: