ကေအင်ဂျီ
ဒီနှစ် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နဲ့ မြန်မာစစ်အစိုးရနှစ်ဖက် အရာရှိများဟာ ညှိနှိုင်းလို့မရသေးတဲ့ နယ်ခြား စောင့် တပ်ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို မနေ့က တစ်ခါ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ တွေ့ဆုံခဲ့ပါတယ်။
ခါတိုင်းလိုပဲ အစည်းဝေးကို မြန်မာစစ်တပ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အတွင်း မေလိခရိပ်သာမှာ အရာရှိများ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှ ၂ နာရီကြား ပြုလုပ်ခဲ့တယ်လို့ ကေအိုင်အို အရာရှိတွေက ပြောပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုညှိနှိုင်းဆွေးကြတဲ့ ရလဒ်ကိုမူ တိတိကျကျ မသိရသေးပေမယ့် ကေအိုင်အိုဖက်ကတော့ အရင်က စစ်အစိုးရထံတင်ပြခဲ့တဲ့ အချက်တွေကိုပဲ ပြန်လည် တင်ပြတာဖြစ်ကြောင်း တရုတ်ပြည်နယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာက အရာရှိများကပြောပါတယ်။
ဒီတစ်ခါအစည်းဝေးမှာ စစ်အစိုးရဖက်က နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းရေးမှူး စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) တာဝန်ခံ ဒုဗိုလ်ချူပ်ကြီး ရဲမြင့် နဲ့ မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တက်ရောက်ခဲ့ပြီး ကေအိုင်အို ဖက်ကတော့ ဥက္ကဌ ဇောင်းဟရား၊ ဒု-ဥက္ကဌအဆင့် (၁) ဒု-ဗိုလ်ချူပ်ကြီး ဂေါ်ရီဇော်ဆိုင်း၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ် ဂွန်မော်နဲ့ တခြားဗဟိုအရာရှိတွေ ပါဝင်ပါတယ်။
မနှစ်က ၂၀၀၉ ခုနှစ်အတွင်း ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့စဉ်မှာ ကေအိုင်အို တင်ပြခဲ့တဲ့ အဓိကအချက် ၃ ချက်ကတော့ ကေအိုင်အေတပ်ကို ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ (KRGF) အဖြစ်ပြောင်းလိုခြင်း၊ နှစ်ဖက် အရပ်ဖက်ဌာနများ ပူးပေါင်းအလုပ်လုပ်ရန်နဲ့ နောက်ဆုံး ပင်လုံစာချုပ်ကို အခြေခံပြီး တောင်းဆိုခဲ့တာပါ။
သို့ပေမယ့် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၂၉ ရက်က နှစ်ဖက်အရာရှိများ တွေ့ဆုံစဉ်မှာတော့ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း က “ပင်လုံခေတ်က လွန်သွားပြီ။ ပင်လုံခေတ်ကို ဖျက်သိမ်းလိုက်ပြီ” လို့ ငြင်းဆိုပေးခဲ့ကြောင်း ကေအိုင်အို အရာရှိတွေက ပြောပါတယ်။
ကေအိုင်အိုကတော့ စစ်အစိုးရတင်ပြတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စဟာ နိင်ငံရေး မဟုတ်ပဲ စစ်ရေးသာ ဖြစ်တယ်လို့ ထင်မြင်ထားသလို နှစ်ဖက်နိုင်ငံရေး ပြဿနာတွေကို အရင်ဖြေရှင်းပြီးမှ စစ်တပ်ပြောင်းလဲရေးကိစ္စကို နောက်တဆင့် ဆွေးနွေးလိုတာဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ဧပြီလမှစ၍ ယခုအစည်းဝေးဟာ ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရကြား ကေအိုင်အေ တပ် နယ်ခြားစောင့်တပ် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ၁၀ ကြိမ်မြောက် တွေ့ဆုံခဲ့တာလည်းဖြစ်တယ်။
တချိန်ထဲမှာပဲ ကေအိုင်အို ဒု-သဘာပတိ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်လည်း ရန်ကုန်မှာ ကျန်းမာရေး ဆေးစစ်သွားရာကနေ ဌာနချုပ် လိုင်ဇာကို ယခုအချိန်ထိ ရောက်မလာသေးကြောင်း ကေအိုင်အိုသတင်း ရပ်ကွက်ကသိရပါတယ်။
No comments:
Post a Comment