Monday, November 1, 2010

လူ့အခွင့်အရေးတိုက်ပွဲသမိုင်းမှတ်တိုင် ၂၀၁၀ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု

ဇင်လင်း

တရုတ်နိုင်ငံက လူ့ခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုကို ယခု ၂၀၁၀ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေးနိုဘယ်လ်ဆု’ ချီးမြှင့်လိုက်ပါတယ်။ ကမ္ဘာ့ဂုဏ်သတင်းအကြီးမြင့်ဆုံး နိုဘယ်လ်ဆုကို ဒီနှစ်မှာ ထိုက်တန်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်လိုက်တာပဲလို့ ထင်ရှားတဲ့ နိုင်ငံတကာသတင်းစာတချို့ရဲ့ သတင်းခေါင်းကြီးတွေက မှတ်ချက်ပြုကြပါတယ်။ နှစ်ကာလရှည်လျားစွာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ သူ့နိုင်ငံမှာ အခြေခံလူ့အခွင့်အရေး ထွန်းကားအောင် ဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ‘နော်ဝေငြိမ်းချမ်းရေး နိုဘယ်လ်ဆုကော်မတီ’ က ‘လျူရှောင်ဘို’ ကို ဒီနှစ် နိုဘယ်လ်ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ နော်ဝေပါလီမန်က ခန့်အပ်တဲ့ အဖွဲ့ဝင် (၅) ဦးပါ ဆုရွေးချယ်ရေးအဖွဲ့ဟာ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားက ‘လျူရှောင်ဘို’ ကို ဆုချီးမြှင့်လိုက်ပါတယ်။

‘လျူရှောင်ဘို’ အကြောင်းကို တရုတ်ပြည်အတွင်းမှာ သတင်းမှောင်ချထားမှုကြောင့် သိရှိသူနည်းတယ်လို့ ဆိုပါတယ်။ ‘လျူရှောင်ဘို’ ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဖွားမြင်ခဲ့ပြီး ဒီ ၂၀၁၀ ဒီဇင်ဘာမှာ (၅၅) နှစ် ပြည့်မှာဖြစ်ပါတယ်။ သူဟာ ကျီလင်းပြည်နယ်၊ ချန်ချွန်မြို့ဇာတိဖြစ်တယ်။ ပညာတတ်မိသားစုက ဖွားမြင်ခဲ့တဲ့ ‘လျူရှောင်ဘို’ ဟာ ၁၉၇၆ မှာ ကျီလင်းတက္ကသိုလ်မှာ စတင်တက်ရောက်ခဲ့ပြီး ၁၉၈၂ မှာ စာပေပညာရပ်နဲ့ ၀ိဇ္ဇာဘွဲ့ရပါ တယ်။ ၁၉၈၄ မှာ မဟာဝိဇ္ဇာဘွဲ့၊ ၁၉၈၈ မှာ စာပေပါရဂူဘွဲ့များကို ပီကင်းတက္ကသိုလ်က ရရှိခဲ့ပါတယ်။ ၁၉၈၈-၈၉ ခုနှစ်များမှာ ‘လျူရှောင်ဘို’ ဟာ အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်၊ ဟာဝိုင်ယီတက္ကသိုလ်နဲ့ နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တို့မှာ ဧည့်ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၈၉ ဇွန်လ (၄) ရက် တိန်ယန်မင် ဒီမိုကရေစီလှုပ်ရှားမှုကြီးဖြစ်ပေါ်ချိန်မှာ ‘လျူရှောင်ဘို’ ဟာ အမေရိကန်မှာ ရောက်နေခဲ့တယ်။ သူဟာ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ပြီး ပီကင်းကို ပြန်လာခဲ့တယ်။ သူဟာ တိန်ယန်မင် ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ စံပြဂုဏ်ထူးဆောင် ခေါင်းဆောင် (၄) ဦးအနက် တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။

တိန်ယန်မင် ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွဲခံရပြီး ၁၉၈၉ ဇွန်လမှာ ‘လျူရှောင်ဘို’ ဟာ တန်ပြန်တော်လှန်ရေး ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နာမည်ကျော် ကျင်ချင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ၁၉၉၁ ဇန်န၀ါရီလမှာ ခံဝန်ချက်နဲ့ ထောင်က ပြန်လွတ်တယ်။ ၁၉၉၅ မေလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ‘လျူရှောင်ဘို’ ပါဝင်ပြီး ၁၉၈၉ ကျောင်းသားများရဲ့ တိန်ယန်မင် ဒီမိုကရေစီလှုပ်ရှားမှုအတောအတွင်း အစိုးရရဲ့ လွဲမှားတဲ့ အရေးယူဆောင်ရွက်ချက်များကို လူထုအကြားမှာ ဖော်ထုတ်ဝေဖန်မှု လုပ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ထောင်ဒဏ် (၆) လ ကျခံရပြီး ၁၉၉၆ ဇန်န၀ါရီလမှာ ထောင်က လွတ်ပါတယ်။ ၁၉၉၆ အောက်တိုဘာမှာ တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်မှုကြောင့် လူထုဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ‘လျူရှောင်ဘို’ ကို ထောင်ဒဏ် (၃) နှစ် ချပြန်ပါတယ်။ ၁၉၉၉ အောက်တိုဘာမှာ ထောင်က ပြန်လွတ်ပါတယ်။

ဒီတခါ သူ့နေအိမ်အနီးမှာ အစိုးရက အစောင့်ကင်းရုံတခု ဆောက်ပြီး စောင့်ကြည့်စေပါတယ်။ သူ့တယ်လီဖုန်းနဲ့ အင်တာနက်တွေ ကြားဖြတ်စောင့်ကြည့်တာလည်း ခံခဲ့ရတယ်။ ၂၀၀၃ ခုနှစ်မှာ သူဟာ ‘တရုတ်နိုင်ငံ လွတ်လပ်တဲ့ ကလောင်ရှင်များအသင်း’ ရဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။၂၀၀၄ မှာ တရုတ်နိုင်ငံ လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာ ပြုစုနေခိုက် ‘လျူရှောင်ဘို’ ရဲ့ ကွန်ပျူတာ၊ မှတ်စုမှတ်တမ်း စာရွက်စာတမ်းတွေကို တရုတ်အစိုးရက သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် လျူရှောင်ဘိုရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) က ၂၀၀၄ ခုနှစ်မှာ Fondation de France Prize ဆု ချီးမြှင့် အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ တရုတ်နိုင်ငံပြင်ပ အင်တာနက်စာမျက်နှာတွေပေါ်မှာ သူရေးသားခဲ့တဲ့ စာတမ်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေရဲ့ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရပါသေးတယ်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၁၀) မှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ နှစ် (၆၀) ပြည့်အထိမ်းအမှတ် ‘ချာတာ ၀၈’ (Charter 08) လို့ ထင်ရှားတဲ့ ကြေညာစာတမ်းတစောင်ကို ‘လျူရှောင်ဘို’ နဲ့ တရုတ်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ (၃၀၃) ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပြင် ‘ချာတာ ၀၈’ ကြေညာချက် ထုတ်ပြန်ချိန်ဟာ တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ် (၁၀၀) ပြည့်ချိန်၊ တရုတ်ဒီမိုကရေစီတံတိုင်းလှုပ်ရှားမှု နှစ် (၃၀) ပြည့်ချိန်၊ နိုင်ငံတကာ ‘လူမှုအခွင့်အရေး နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်’ (International Covenant on Civil and Political Rights) မှာ တရုတ် ပါဝင်လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်ချိန်များနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ‘ချာတာ ၀၈’ ကြေညာစာတမ်းဟာ ၁၉၇၇ ခုနှစ် ချက်ကိုစလိုဗက် လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ ‘ချာတာ ၇၇’ ကြေညာစာတမ်းကို စံနမူနာယူခဲ့ကြတာ ဖြစ်ပါတယ်။ ‘ချာတာ ၇၇’ ကြေညာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့သူတွေက လွတ်လပ်စွာ သဘောထားထုတ်ဖော် ပြောဆိုရေးသားခွင့်ရရှိရေး၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာရေး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရေး … စတဲ့အချက်တွေ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

‘ချာတာ ၀၈’ (Charter 08) မှာ ကနဦး ပါဝင်လက်မှတ်ရေးထိုးသူတွေဟာ တရုတ်နိုင်ငံမှာ တနည်းနည်းနဲ့ နာမည်ဂုဏ်သတင်းကောင်းသူတွေ ဖြစ်ပါတယ်။ ‘ချာတာ ၀၈’ ကြေညာစာတမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး၊ လွတ်လပ်စွာ တရားစီရင်ခွင့်ရရှိရေး၊ ဒီမိုကရေစီနည်းကျ ဥပဒေပြုရေး။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ရရှိရေး၊ လွတ်လပ်စွာ စုရုံးခွင့်ရရှိရေး၊ လွတ်လပ်စွာ သဘောထားထုတ်ဖော် ပြောဆိုရေးသားခွင့်ရရှိရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး၊ ပုဂ္ဂလိက ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုပေးရေး၊ ငွေကြေးနဲ့ အခွန်အကောက်စနစ်များ ပြုပြင်ပြောင်းလဲရေး၊ လူမှုဘ၀လုံခြုံရေး အာမခံရေး၊ ပြည်ထောင်စုသမ္မတနိုင်ငံထူထောင်ရေး၊ တပါတီအုပ်ချုပ်ရေးစနစ် ဖျက်သိမ်းရေးနဲ့ ပြန်လည်သင့်မြတ်ပေါင်းစည်းရေးအတွက် အမှန်တရား ရှာဖွေဖော်ထုတ်ရေး … စတာတွေ အပါအ၀င် တောင်းဆိုချက် (၁၉) ချက် ပါဝင်ပါတယ်။

‘ချာတာ ၀၈’ ကြေညာစာတမ်းကို ထုတ်ပြန်ဖို့ (၂) ရက်အလို ဒီဇင်ဘာ (၈) ရက်နေ့မှာ ‘လျူရှောင်ဘို’ အဖမ်းခံရပါတယ်။ ၂၀၀၉ ဇွန်လ (၂၃) မှာ နိုင်ငံတော်အာဏာကို ထိခိုက်ပျက်ပြားအောင်လုပ်မှုနဲ့ တရားစွဲတင်ခံရပါတယ်။ ၂၀၀၉ ဒီဇင်ဘာလ (၂၃) မှာ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရပါတယ်။ ‘ချာတာ ၀၈’ ကြေညာစာတမ်းကိစ္စနဲ့ ပတ်သက်ပြီး ကနဦး လက်မှတ်ရေးထိုးသူ (၃၀၃) အနက်က (၇၀) ဦးထက်မနည်း တရုတ်အစိုးရ အထူးရဲအဖွဲ့ရဲ့ ခေါ်ယူစစ်ဆေးမှုခံရတယ်။ ပြည်တွင်းသတင်းမီဒီယာတွေကို ‘ချာတာ ၀၈’ အကြောင်း ရေးသားဖော်ပြခွင့်မပြုခဲ့ဘူး။

‘ချာတာ ၀၈’ မှာ ပါဝင်လက်မှတ်ထိုးခဲ့သူတွေကို အင်တာဗျူး လုံးဝလုပ်ခွင့်မပြုဘူး။ ‘ချာတာ ၀၈’ အကြောင်း ဖော်ပြတဲ့ ဘလော့တွေကိုလည်း ပိတ်ပစ်ခဲ့တယ်။ ‘လျူရှောင်ဘို’ ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ အချက်အလက်တွေ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့တယ်။ အစိုးရကို ပုန်ကန်ဖို့ ရည်ရွယ်ချက်နဲ့ ကောလဟလသတင်းတွေ ဖြန့်ခြင်း၊ အစိုးရ အသရေညှိုးနွမ်းအောင်ပြုခြင်း၊ ဆိုရှယ်လစ်စနစ်ကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း … အစရှိတဲ့ စွဲချက်တွေဟာ မှားယွင်းကြောင်း ‘လျူရှောင်ဘို’ က South China Morning Post မှာ ဆောင်းပါးတစောင် ရေးပြီး ချေပပါတယ်။ သူ့အနေနဲ့ ဘယ်သူတဦးတယောက်ကိုမှ အသရေပျက်အောင် မမှန်မကန် ပြောဆိုရေးသားခဲ့တာမျိုးမရှိ၊ အရေးကြီး သတင်းအချက်အလက် တွေ့ရှိချက်တွေကိုသာ ဖော်ထုတ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် သူ့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်စီရင်ချက်ဟာ တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ‘လျူရှောင်ဘို’ က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီ၊ ထိုင်ဝမ် … စတဲ့ အစိုးရအဖွဲ့တွေက ‘ချာတာ ၀၈’ ကို ထောက်ခံခဲ့ပြီး တရုတ်အစိုးရရဲ့ ‘ချာတာ ၀၈’ အဖွဲ့အပေါ် အရေးယူမှုတွေကို ရှုတ်ချခဲ့တာတွေ့ရတယ်။ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲတွေကလည်း ‘ချာတာ ၀၈’ ကြေညာစာတမ်းကို အကောင်းမြင် လက်ခံခဲ့ကြတယ်။ နိုင်ငံတကာသတင်းစာ မီဒီယာတွေကလည်း ‘ချာတာ ၀၈’ သတင်းကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြတယ်။ ‘လျူရှောင်ဘို’ ကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်။ ကမ္ဘာတ၀ှမ်းက ပညာရှင်များ၊ စာရေးဆရာများ၊ ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကလည်း စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာကလောင်ရှင်များအဖွဲ့ (PEN) ကလည်း ကြေညာချက်ထုတ်ပြန်ပြီး ‘လျူရှောင်ဘို’ လွတ်မြောက်ရေး ဆော်သြတောင်းဆိုခဲ့ပါတယ်။ ၂၀၀၉ မတ်လမှာ ချက်နိုင်ငံအခြေစိုက် People in Need foundation (PIN) က ‘လျူရှောင်ဘို’ ကို Homo Homini Award ချီးမြှင့်ခဲ့တယ်။ ဒီဆုက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးသဘောကွဲလွဲမှုများကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာသူများကို ချီးမြှင့်တာဖြစ်ပါတယ်။ ‘ချာတာ ၀၈’ မှာ ကနဦး ပါဝင်ခဲ့သူ၊ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရရှိဖို့ အန္တရာယ်ကြားမှ ကြိုးပမ်းသူအဖြစ် ‘လျူရှောင်ဘို’ ကို ‘ဟိုမိုဟိုမီနီဆု’ ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၀၉ မှာ လွတ်လပ်စွာ စာပေရေးသားခွင့် တိုက်ပွဲဆင်ခြင်းအတွက် နိုင်ငံတကာကလောင်ရှင်အဖွဲ့က ‘လျူရှောင်ဘို’ ကို PEN/Barbara Goldsmith Freedom to Write Award ချီးမြှင့်ခဲ့တယ်။ ဒီ ၂၀၁၀ နှစ်ထဲမှာပဲ ဂျာမန်ပြည်ထောင်စုသမ္မတနိုင်ငံ ကလောင်ရှင်အဖွဲ့က ချီးမြှင့်တဲ့ The Hermann Kesten Medal ဆုကိုလည်း လျူရှောင်ဘို ရရှိခဲ့ပါတယ်။

၂၀၁၀ ဇန်န၀ါရီ (၁၈) မှာ ‘လျူရှောင်ဘို’ ကို ဒီနှစ် နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရပါတယ်။ သူ့ကို အမည်စာရင်း တင်သွင်းကြသူများကတော့ ချက်နိုင်ငံ သမ္မတဟောင်း ဗက်စလက် ဟာဗယ်လ် (Václav Havel), ၁၉၈၉ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (the 14th Dalai Lama), ပြင်သစ်ဒဿနပညာရှင် အန်ဒရေ ဂလပ်ကမန်း (André Glucksmann), နယူးယော့ ကာနက်ဂီကော်ပိုရေးရှင်း ဥက္ကဋ္ဌ သုတေသနပညာရှင် ဗာတန် ဂျော်ဂျီယန် (Vartan Gregorian), နယူဇီလန် ၀န်ကြီးချုပ်ဟောင်း (Mike Moore), လက်ရှိ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (Karel Schwarzenberg), ၁၉၈၄ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး (Desmond Tutu) နှင့် ရုရှားစီးပွားရေးနဲ့ နိုင်ငံရေးပညာရှင် ဂရီဂိုရီ ယက်ဗလင်စကီ (Grigory Yavlinsky) စသူများ ဖြစ်ပါတယ်။

၂၀၁၀ စက်တင်ဘာမှာ ဗက်စလက်ဟာဗယ်လ်နဲ့ ချက်ကိုစလိုဗက်ကီး ကတ္တီပါတော်လှန်ရေးခေါင်ဆောင်တချို့က ‘လျူရှောင်ဘို’ ကို ဒီနှစ် နိုဘယ်လ်ဆု ချီးမြှင့်ဖို့ အိတ်ဖွင့်ပေးစာတစောင် အင်တာနေရှင်နယ် ဟာရယ်ထရီဗျုန်း (The International Herald Tribune) သတင်းစာမှာ ရေးသားခဲ့ကြပါတယ်။ အဲဒီစာကို ထောက်ခံပါဝင် လက်မှတ်ရေးထိုးသူတွေ တနေ့တခြား တိုးများလာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၀ အောက်တိုဘာ (၆) မှာ (Freedom Now) လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ကမကထပြုမှုနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် (၃၀) လက်မှတ်ရေးထိုးတဲ့စာတစောင် သမ္မတ အိုဘားမားထံ တင်သွင်းခဲ့တယ်။ လာမယ့် နိုဝင်ဘာ G-20 ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံချိန်မှာ အိုဘားမားအနေနဲ့ ‘လျူရှောင်ဘို’ နဲ့ သူ့ရဲဘော် ‘ဂေါင်ကျီရှန်း’ တို့ လွတ်မြောက်ရေးအတွက် တရုတ်သမ္မတ ‘ဟူကျင်းတောင်’ ထံမှာ တောင်းဆိုပေးဖို့ဖြစ်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ‘မာကျောင်ဇ’ူ ကတော့ ‘လျူရှောင်ဘို’ ဟာ ရာဇ၀တ်သားတဦးဖြစ်လို့ ဆုနဲ့ ထိုက်တန်သူမဟုတ်လို့ ဆိုပါ တယ်။ သူ့ကို ဆုမြှင့်ခြင်းကြောင့် နိုဘယ်လ်ဆုရဲ့ မူလရည်ရွယ်ချက်တွေကို ပျက်ယွင်းစေရုံမက ဆုရဲ့ဂုဏ်သိက္ခာပါ ကျဆင်းစေလိမ့်မယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ‘နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့’ ကတော့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တဆက်တစပ်ထဲအဖြစ် အစဉ်တစိုက် လက်ခံထားတယ်လို့ ဆိုပါတယ်။ ‘နိုင်ငံအချင်းချင်း ချစ်ကြည်ရေး’ အတွက် ‘အခြေခံ လူ့အခွင့်အရေးများ’ ဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်ဆိုတဲ့ ‘အဲလ်ဖရက်နိုဘယ်လ်’ ရဲ့ မှာကြားချက်ဆန္ဒနဲ့လည်း ကိုက်ညီတယ်လို့ ဆိုပါတယ်။ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ Thorbjoern Jagland က “တရုတ်နိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေးအရ မဟာအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲနေပါပြီ။ အင်အားကြီးနိုင်ငံဖြစ်လာရင် ဝေဖန်စရာရှိလို့ ဝေဖန်ရင် လက်ခံရမှာ ဓမ္မတာပါပဲ” လို့ ဆိုပါတယ်။

ကမ္ဘာတ၀ှမ်းက ကောင်းချီးပေးခြင်းခံရတဲ့ ဒီနှစ် နိုဘယ်ဆုသတင်းကို ဘီဘီစီ၊ စီအင်န်အင်န် အပါအ၀င် နိုင်ငံတကာသတင်းတွေမှာ ၀မ်းမြောက်ဝမ်းသာ ဖော်ပြနေချိန်မှာ တရုတ်အစိုးရက တရုတ်ပြည်မှာ ဒီသတင်းကို အမှောင်ချထားခဲ့တယ်။ နိုင်ငံတကာ ရုပ်သံလွှင့်ချက်တွေကို ဟန့်တားတိုက်ဖျက်မှုတွေ လုပ်ခဲ့တယ်။ ဒီလုပ်ရပ်ဟာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအစိုးရတရပ် လုပ်အပ်တဲ့ အလုပ်မဟုတ်တာ သေချာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း သမိုင်းမှာ ဘယ်တုန်းကနဲ့မှ မတူအောင် တရုတ်နိုင်ငံရဲ့စီးပွားရေး တဟုန်ထိုး တိုးတက်အောင်မြင်လာခဲ့တယ်။ အခုဆိုရင် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီ။ လူဦးရေ သန်းပေါင်းများစွာကိုလည်း ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပြီ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းကိုယ်စားလှယ် ငါးနိုင်ငံမှာ တနိုင်ငံ အပါအ၀င်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဗီတိုအာဏာပိုင် နိုင်ငံကြီးလည်း ဖြစ်ပါတယ်။

ဒီလို အဆင့်အတန်းကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာ လူသားအကျိုးပြုအရေးအရာတွေနဲ့ စပ်လျဉ်းလို့ ဆုံးဖြတ်ချက်တွေ ပေးတဲ့အခါ ကျဉ်းမြောင်းသေးသိမ်တဲ့ အမြင်၊ ပုဂ္ဂလဓိဋ္ဌာန်သဘော ဆန္ဒစွဲသဘောဆောင်တဲ့ အယူဝါဒတွေကို အခြေခံဆုံးဖြတ်ဖို့ မသင့်ပါဘူး။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို တရုတ်အစိုးရအနေနဲ့ ကူညီအားပေးရမှာဖြစ်ပြီး ဖိနှိပ်ရမှာမဟုတ်ပါ။ လူ့အခွင့်အရေးကြေညာစာတမ်းအရ နိုင်ငံသားတဦးချင်းစီကို နိုင်ငံ့အရေးအရာကိစ္စတွေမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပြုရမှာပါ။ အခုလို စာပေပညာရှင်လည်းဖြစ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူလည်းဖြစ်၊ အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံ့အရေးအရာ ပါဝင်ဆောင်ရွက်သူဖြစ်တဲ့ ‘လျူရှောင်ဘို’ ကို အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင် ထောင်ချထားခြင်းဟာ လက်ရှိ တရုတ်နိုင်ငံရဲ့အဆင့်အတန်းနဲ့ မဆီလျော်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါအပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတဦးကို ဖိနှိပ်ခြင်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများကို ဆန့်ကျင်တဲ့သဘောဖြစ်ရုံမက အာဏာရှင်စရိုက်သဘာဝကိုလည်း ဖော်ပြလိုက်ရာကျပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေကြတဲ့ ဆူဒန်နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ အီရန်နိုင်ငံ၊ မြောက်ကိုးရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ … အစရှိတဲ့ အာဏာရှင်နိုင်ငံတွေကို လုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် တရုတ်က ဗီတိုအာဏာနဲ့ အမြဲအကာအကွယ်ပေးနေခြင်းဟာလည်း အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စလို့ ပြောနိုင်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံက ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို မစာနာဘဲ အာဏာရှင်တွေကို အားပေးထောက်ခံနေတဲ့ တရုတ်နိုင်ငံအဖို့ အခုလို တရုတ်နိုင်ငံသား ‘လျူရှောင်ဘို’ နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်းဟာ သူ့ရဲ့အာဏာရှင်စရိုက်ကို ဖွင့်ချဖော်ပြသလိုဖြစ်နေပါတယ်။

တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ ကိုယ်တိုင်လူ့အခွင့်အရေးချိုးဖောက်နေမှု၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေကို အကာအကွယ်ပေးနေမှုများနဲ့ ပတ်သက်လို့လည်း ပြင်းထန်တဲ့ ဝေဖန်ချက်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်နိုဘယ်ဆုဟာ အမှန်တကယ် ထိုက်တန်သူကို ချီးမြှင့်နိုင်ခဲ့တဲ့အတွက် တကမ္ဘာလုံးက ၀မ်းသာကျေနပ်ဖြစ်နေကြပါတယ်။ နောင်မှာလည်း အခုလို ထိုက်တန်သူတွေကိုပဲ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်စေချင်တဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ အာဏာရှင်တွေကို အန်တုပြီး ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဘက်က ရပ်တည်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ (၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)၊ ကိုရီးယားသမ္မတဟောင်း ‘ကင်ဒေးယုန်’ (၂၀၀၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)၊ ဒီမိုကရေစီရေး အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အီရန်အမျိုးသမီး ‘ရှီရင် အီဘာဒီ’ (၂၀၀၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်) စသူတွေနဲ့ အလားတူ ‘လျူရှောင်ဘို’ ဟာ ၂၀၁၀ နိုဘယ်လ်ဆုအတွက် အမှန်ပင် ထိုက်တန်သူဖြစ်ပါတယ်။

‘လျူရှောင်ဘို’ နိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့အတွက် တရုတ်ပြည်သူလူထုအတွင်းမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဘက်က ထောက်ခံသူတွေ အားတက်ဝမ်းမြောက်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒါဟာ အာရှတိုက်အတွင်း လူ့အခွင့်အရေးတိုက်ပွဲဆင်သူတွေအတွက် အောင်ပွဲတခုလည်းဖြစ်တယ်။ မြန်မာနိုင်ငံ ပါဝင်နေတဲ့ အရှေ့တောင်အာရှဒေသအတွင်းမှာ အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကိုလည်း ရပ်တန်းကရပ်ဖို့ အချက်ပေးလိုက်တဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မြန်မာစစ်အာဏာရှင်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရအတွက်လည်း ကိုယ့်မှားယွင်းတဲ့ ခြေလှမ်းတွေ ပြန်ရုပ်သိမ်းဖို့ သတိပေးလိုက်ရာလည်းကျပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကော်မရှင် တာဝန်ခံ မစ္စနာဗီ ပီလ်လေး (UN High Commissioner for Human Rights Navi Pillay) က “တရုတ်ပြည်နဲ့တကွ နိုင်ငံများစွာမှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်နေကြသူများဟာ စိန်ခေါ်မှုအများအပြားနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီနှစ် နိုဘယ်လ်ဆုက တရုတ်ပြည်နဲ့တကွ နိုင်ငံများစွာမှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်နေကြသူများရဲ့ အလွန်တရာအရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုလိုက်တာဖြစ်လို့ ဒီချီးမြှင့်မှုကို ကြိုဆိုပါတယ်။ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ‘လျူရှောင်ဘို’ လို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ အကျိုးတော်ဆောင်များရဲ့ စွမ်းဆောင်ချက်များဟာ အလွန်တရာမှ အရေးပါတယ်လို့ ပြောချင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးကာကွယ်မြှင့်တင် တိုက်ပွဲဆင်နေကြသူများအတွက်လည်း ဒီနှစ် နိုဘယ်လ်ဆုရှင် ‘လျူရှောင်ဘို’ ဟာ စံနမူနာထားရမယ့် ပုဂ္ဂိုလ်ပါပဲ။ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ တရုတ်အစိုးရရဲ့ ခြိမ်းခြောက်စိန်ခေါ်မှုတွေကို အန်တုပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင် တိုက်ပွဲဆင်နေကြသူများဘက်က ရပ်တည်ပြသလိုက်ခြင်းဖြစ်လို့ ဒီနှစ် နိုဘယ်လ်ဆုကို ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။


No comments: